ဂဏန်းမဲရွာထဲ လက်နက်ကြီးကျည်ကျလို့ တစ်ဦးသေ၊ သုံးဦးဒဏ်ရာရ

ပုဏ္ဏားကျွန်း၊ ဇွန် ၆-၂၀၁၉

ခိုင်လင်းစံ (VOM)

 

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် ဂဏန်းမဲကျေးရွာအတွင်းမှာ မနေ့ညနေပိုင်းက လက်နက်ကြီးကျည်တစ်လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး ကျေးရွာသားတစ်ဦးသေဆုံးကာ သုံးဦး ဒဏ်ရာရရှိခဲ့ပါတယ်။

 

အဲ့ဒီကျေးရွာသားတွေထဲက သေဆုံးသူမှာ ဦးစိန်ထွန်းဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိခဲ့သူတွေကတော့ ဦးအင်္ဂါအောင်၊ ဒေါ်ဆီးတူးနဲ့ ဒေါ်မခိုင်ဦးတို့ ဖြစ်ကြပါတယ်။

 

“လက်နက်ကြီးကျည်က ရွာထဲမှာကျတယ်။ အဲ့ဒီသေဆုံးသွားတဲ့ ဦးစိန်ထွန်းအိမ်နဲ့ ဒဏ်ရာရရှိသွားတဲ့ အင်္ဂါအောင်အိမ်အကြားမှာ ကျပြီးတော့ ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။ ဦးစိန်ထွန်းကတော့ အဲ့ဒီနေရာမှာပဲ သေတယ်။ နောက်ထပ်သုံးဦးကတော့ ဒဏ်ရာရတာပေါ့။”လို့ ကျေးရွာသားတစ်ဦးက ပြောပါတယ်။

 

အဲဒီတိုက်ပွဲဖြစ်ပွားနေတဲ့ ဂဏန်းမဲကျေးရွာအနီးတဝိုက်မှာ ခမီတိုင်းရင်းသားမျိုးနွယ်တွေ အများဆုံးနေထိုင်နေကြတာ ဖြစ်ပြီး အခုသေဆုံးခဲ့သူနဲ့ ထိခိုက်ဒဏ်ရာ ရရှိခဲ့သူတွေကလည်း ခမီလူမျိုးတွေ ဖြစ်ကြပါတယ်။

 

“ကျွန်တော်တို့ ဂဏန်းမဲရွာနဲ့ ဖောင်ဆိပ်ရွာအနီးတဝိုက်မှာ တိုက်ပွဲဖြစ်နေတာ တစ်ရက်၊ နှစ်ရက်လောက် ရှိနေပါပြီ။ ဒီနေ့မှာတော့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုတွေဖြစ်ခဲ့တယ်။ လက်နက်ကြီးသံတွေကို ကြားလို့ သိပ်မကြာဘူး ရွာထဲကို လက်နက်ကြီးကျည်တစ်လုံး ကျပြီးတော့ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။”လို့ ကျေးရွာသားတစ်ဦးက ပြောပါတယ်။

 

ဇွန်လ ၂ ရက်နေ့ကဖြစ်ပွားခဲ့တဲ့ အခုလိုမျိုး တိုက်ပွဲမှာလည်း  ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်က ကျေးရွာအတွင်းကို ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် မင်းပြားမြို့နယ် စပါးထားကျေးရွာသား ၆ ဦးသေဆုံးခဲ့ရပြီး ၈ ဦးဒဏ်ရာရရှိခဲ့ပါတယ်။

 

#voiceofmyanmar # ဂဏန်းမဲရွာထဲလက်နက်ကြီးကျည်ကျလို့ တစ်ဦးသေ၊သုံးဦးဒဏ်ရာရ   #ပုဏ္ဏားကျွန်း   #ရခိုင်  #

 

Related posts

Leave a Comment

VOM News

FREE
VIEW