ပေါက်တောပြင်ကျေးရွာမှာ တစ်ပတ်အတွင်း စစ်ဘေးရှောင် ၃၀၀၀ ကျော်ထိရှိလာ

 

ပုဏ္ဏားကျွန်း၊ ဇွန် ၉-၂၀၁၉

ခိုင်လင်းစံ (VOM)

 

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့ ပေါက်တောပြင်ကျေးရွာ ယာယီကယ်ဆယ်ရေးခစန်းမှာ လာရောက်ခိုလှုံတဲ့ စစ်ဘေးရှောင်ဦးရေဟာ တစ်ပတ်အတွင်း ၃၅၀၀ နီးပါးထိ ရှိလာပြီဖြစ်ပါတယ်။

 

အဲ့ဒီကျေးရွာဟာ ပုဏ္ဏားကျွန်းမြို့နယ် မြောက်ဘက် တောဖျားချောင်းဒေသက ကျေးရွာတစ်ရွာဖြစ်ပြီး ပြီးခဲ့တဲ့တစ်ပတ်အတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ပုဏ္ဏားကျွန်းမြို့နယ်က ကျေးရွာသားတွေ ထွက်ပြေးလာခဲ့ကြတာ ဖြစ်ပါတယ်။

 

“လောလောဆယ်တော့ စစ်ဘေးရှောင်ဦးရေ ၃၁၂၀ ဦးရှိပါတယ်။ တောဖျားချောင်းဒေသတစ်လျှောက်မှာရှိတဲ့ ကျေးရွာတွေက ထွက်ပြေးလာခဲ့ကြတာပါ။ နေစရာနေရာမရှိဘူး။ ဘုန်းကြီးကျောင်းမှာရှိတဲ့ အဆောင်တွေနဲ့ အဖီ၊ အယပ်တွေတွဲပြီးတော့ ဖြစ်သလိုနေရပါတယ်။ မိုးကလည်း တအားရွာနေတယ်ဆိုတော့ အခက်အခဲတွေအများကြီးပါပဲ။”လို့ စခန်းတာဝန်ခံ အသျှင်သဘာဝနဒီက ပြောပါတယ်။

 

ပေါက်တောပြင် ယာယီကယ်ဆယ်ရေးစခန်းကို ရောက်ရှိနေတဲ့ စစ်ဘေးရှောင်တွေဟာ စေတီပြင်၊  ကြက်စာတလင်း၊ ခနောင်းကြီး၊ ပိုရွီပြင်၊ အောင်ဘောင်တော်၊ ရဟတ်တောင်၊ ဂန့်ဂါ၊ ကန်ချောင်းနဲ့ ဖောင်ဆိပ်စတဲ့ကျေးရွာ ၉ ရွာကဒေသခံတွေ ဖြစ်ကြပါတယ်။

 

“ဒီလူတွေ နေရပ်ကိုပြန်နိုင်ဖို့အတွက် အစိုးရကို အကူအညီပေးဖို့ တောင်းဆိုချင်ပါတယ်။ ထိုးစစ်တွေရပ်ဖို့နဲ့ ကျေးရွာတွေမှာ၊ စာသင်ကျောင်းတွေမှာ စခန်းချထားတာတွေကို ပြန်ပြီးတော့ ရုပ်သိမ်းဖို့အတွက် အရေးကြီးပါတယ်။ တပ်မတော်စစ်ကြောင်းတွေ ရှိနေရင်တော့ ရွာသားတွေက ရွာကိုမပြန်ရဲဘူး။ မြောက်ဦးတို့၊ ရသေ့တောင်တို့မှာဖြစ်သလို ဖြစ်မှာကို စိုးရိမ်ကြပါတယ်။”လို့ အသျှင်သဘာဝနဒီက ပြောပါတယ်။

 

အဲ့ဒီစစ်ဘေးရှောင်တွေဟာ နှစ်သုတ်ခွဲပြီးရောက်ရှိလာခဲ့ကြတာပါ။ ဇွန်လ ၄ ရက်နေ့မှာ ပိုးရွှီပြင်နဲ့ ခနောင်းကြီးရွာသားတွေဟာ တိုက်ပွဲတွေဖြစ်ပွားနေတဲ့အတွက် ထွက်ပြေးလာခဲ့ကြတာတွေပါသလို ကျန်တဲ့ကျေးရွာသားတွေဟာ တပ်မတော်စစ်ကြောင်းတွေ ဝင်ရောက်လာတာကြောင့် ထွက်ပြေးလာခဲ့ကြတာလည်း ဖြစ်ပါတယ်။

 

#voiceofmyanmar # ပေါက်တောပြင်ကျေးရွာမှာတစ်ပတ်အတွင်းစစ်ဘေးရှောင်၃၀၀၀ ကျော်ထိရှိလာ  #ရခိုင်  # ပုဏ္ဏားကျွန်း

Related posts

Leave a Comment

VOM News

FREE
VIEW