ထိုင်းက သကြား​တွေ တရားမဝင် ဝင်ရောက်တာကြောင့် သကြားစက်ရုံ​တွေ အခက်အခဲဖြစ်

ရန်ကုန်၊ ဇွန် ၉ – ၂၀၁၉

သူရိန်(VOM)

 

ထိုင်းနိုင်ငံက တရားမဝင်တင်သွင်းတဲ့ သကြားတွေအများအပြား ဝင်ရောက်​နေတာကြောင့် ပြည်တွင်းသကြားစက်ရုံတွေ ငွေကြေးအခက်အခဲနဲ့ ရင်ဆိုင်နေရတယ်​လို့ မြန်မာနိုင်ငံသကြားနဲ့ ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်းက သိရပါတယ်။

 

“မြဝတီလမ်းကြောင်းကတဆင့် မှောင်ခိုသကြား​တွေ တင်သွင်းလာတာကြောင့် ပြည်တွင်းသကြားစက်ရုံ​တွေမှာ လက်ကျန်သကြား အမြောက်အများရှိ​နေတယ်​။ ကြံသီးနှံကလည်း လာမယ့်​နိုဝင်ဘာလမှာ ထွက်ရှိမှာဖြစ်တဲ့အ တွက်​ ပြည်တွင်းသကြားစက်ရုံ​တွေ ငွေကြေးအခက်အခဲနဲ့ ရင်ဆိုင်နေရတယ်​။” လို့ လို့ မြန်မာနိုင်ငံသကြားနဲ့ ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးဝင်းဌေးက ပြောပါတယ်။

 

ဒါ့အပြင် ဒီနှစ် ပြည်တွင်းသကြားကလည်း အထွက်များတော့ ပြည်တွင်းမှာ သကြားစုပုံနေတဲ့ကာလလည်း ဖြစ်ပါတယ်။ တရုတ်နိုင်ငံကို တင်ပို့ဖို့အတွက် re-export (ကုန်ကြမ်းသွင်းကုန်ချောထုတ်) စနစ်နဲ့ သကြားပါမစ်တွေ ထုတ်ပေးခဲ့ပေမယ့် တရုတ်နိုင်ငံဘက်က နယ်စပ်လုံခြုံရေးအရ တရားမဝင်ကုန်စည်တွေကို စစ်ဆေးဖမ်းဆီးနေတာကြောင့်လည်း တရုတ်ကို မတင်ပို့နိုင်ဘဲ ပြည်တွင်းမှာသကြားတွေ ပိုလျှံနေတာ ဖြစ်ပါတယ်။

 

ဒါကြောင့် ထိုင်းနိုင်ငံက သကြားတွေ တင်သွင်းခွင့်မပြုဖို့၊ ကာကွယ်တားဆီးပေးဖို့ မြန်မာနိုင်ငံသကြားနဲ့ ကြံထွက်ပစ္စည်းလုပ်ငန်းရှင်အသင်းကနေ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနဲ့ ကရင်ပြည်နယ်အစိုးရအဖွဲ့ဆီကို ပြီးခဲ့တဲ့လက တင်ပြထားတယ်​လို့ သိရပါတယ်​။

 

မြန်မာနိုင်ငံမှာ ကြံကနေသကြားထုတ်လုပ်တဲ့စက်ရုံပေါင်း ၂၁ ရုံရှိပြီး ပြည်တွင်း သကြားထုတ်လုပ်မှုအနေနဲ့  ၂၀၁၅-၁၆ ဘဏ္ဍာနှစ်က သကြားတန်ချိန် ၃၇၀၀၀၀ ခန့်ကနေ ၂၀၁၈-၁၉ ဘဏ္ဍာနှစ်မှာ သကြားတန်ချိန် ၅၀၀၀၀၀ ခန့်အထိ တိုးမြှင့်ထုတ်လုပ်နိုင်တယ်​လို့ သိရပါတယ်​။

 

#voiceofmyanmar # ထိုင်းကသကြားတွေတရားမဝင်ဝင်ရောက်တာကြောင့်သကြားစက်ရုံတွေ အခက်အခဲဖြစ်  #ရန်ကုန်

 

Related posts

Leave a Comment

VOM News

FREE
VIEW