ပလက်ဝမြို့နယ်အတွင်းက ကျေးရွာသုံးရွာ စစ်ဘေးရှောင်နေရ

ပလက်ဝ၊ ဇွန် ၉-၂၀၁၉

ခိုင်လင်းစံ (VOM)

 

ချင်းပြည်နယ် ပလက်ဝမြို့နယ်၊ ကုလားတန်မြစ်ကြောင်းအထက်ပိုင်းမှာ ပြီးခဲ့တဲ့ဇွန်လ ၇ ရက်၊ ၈ ရက်နေ့က မြန်မာ့တပ်မတော်နဲ့ AA လက်နက်ကိုင်အဖွဲ့တို့အကြား တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့အတွက် ကျေးရွာတချို့က ဒေသခံတွေ နေရပ်စွန့်ခွာ ထွက်ပြေးနေကြရပါတယ်။

 

အဲ့ဒီကျေးရွာတွေဟာ ပလက်ဝမြို့နဲ့ ၇ မိုင်ခန့်အကွာ၊ ကုလားတန်မြစ်အထက်ပိုင်းက သဲမချောင်းဝ၊ ပိန္နဲတပင်အပါအဝင် ကျေးရွာသုံးရွာက ဖြစ်ပြီး မနေ့ညနေပိုင်းက ရွာလုံးကျွတ် ထွက်ပြေးလာခဲ့ကြတာ ဖြစ်ပါတယ်။ ပလက်ဝမြို့ပေါ်နဲ့ နီးစပ်ရာကျေးရွာတွေကို ရောက်ရှိနေကြတယ်လို့ သိရပါတယ်။

 

“ကျွန်တော်တို့ အခုပလက်ဝမြို့ပေါ်မှာ ရောက်ရှိနေပါတယ်။ လောလောဆယ်တော့ ဆွေးမျိုးတွေရဲ့အိမ်တွေမှာပဲ နေကြပါတယ်။ တချို့ဆိုရင်လည်း နီးစပ်ရာကျေးရွာတွေကို ထွက်ပြေးသွားကြပါတယ်။ ”လို့ သဲမချောင်းဝ ကျေးရွာသားတစ်ဦးက ပြောပါတယ်။

 

အဲ့ဒီထွက်ပြေးလာခဲ့ကြတဲ့ ကျေးရွာသားတွေဟာ ကုလားတန်မြစ်အောက်ပိုင်းမှာရှိတဲ့ ဘေးလွတ်ရာနေရာတွေကို စပ်တပ်လှေငယ်တွေနဲ့ ထွက်ပြေးလာခဲ့ကြတာဖြစ်ပြီး လောလောဆယ်မှာ တိုက်ပွဲတွေရှိနေသေးတဲ့အတွက် ကျေးရွာကို ပြန်လည်သွားရောက်နေထိုင်ဖို့ မဖြစ်နိုင်သေးဘူးလို့ ဆိုကြပါတယ်။

 

“တိုက်ပွဲကတော့ တစ်နေ့က ညနေပိုင်းမှာ စပြီးဖြစ်တယ်။ လက်နက်ကြီးတွေနဲ့လည်း ပစ်ခတ်တာတွေ ရှိနေတယ်။ ရွာနဲ့သိပ်မဝေးတဲ့နေရာမှာ ဖြစ်နေတာဆိုတော့ ထိခိုက်မှာကို စိုးရိမ်တာပေါ့။ ဒါကြောင့် ထွက်ပြေးလာခဲ့ကြတာပါ။ တစ်ရွာလုံးထွက်ပြေး လာတာဖြစ်ပါတယ်။”လို့ ဆိုပါတယ်။

 

တချို့ကျေးရွာသားတွေဟာ ဒီကနေ့မနက်ပိုင်းမှ ပလက်ဝမြို့ပေါ်ကို ရောက်ရှိလာခဲ့ကြတာဖြစ်ပြီး ကျေးရွာသုံးရွာက ထွက်ပြေးလာသူ စုစုပေါင်း ၃၀၀ ကျော် ရှိတယ်လို့ ပလက်ဝမြို့ခံတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။

 

#voiceofmyanmar # ပလက်ဝမြို့နယ်အတွင်းကကျေးရွာသုံးရွာစစ်ဘေးရှောင်နေရ  # ချင်း#ပလက်ဝ

Related posts

Leave a Comment

VOM News

FREE
VIEW