မကြာခင်ဖွင့်တော့မယ့် ဆီဆိုင်တစ်ခုရှေ့က ကျွန်းပင်တန်း တပြိုင်နက် ခြောက်သွေ့သေဆုံး

ပြည်၊ ဇွန် – ၉ -၂၀၁၉

ဂျန်ကိုးလ်(VOM)

 

ပြည်မြို့အထွက် ရွှေတောင်မြို့အဝင် အမှတ် ၁၄ ခြေလျင်တပ်ရင်း ရှေ့က မကြာမီ ဖွင့်လှစ်တော့မယ့် ဆီပန့်ဆိုင်တစ်ဆိုင်ရှေ့မှာ ရှိတဲ့ကျွန်းပင်တွေ ခြောက်သွေ့သေဆုံးသွားမှုအပေါ် မသင်္ကာဖြစ်မိတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

 

“မိုးတွင်းအခါမှာ ကျွန်းပင်တွေက စိမ်းနေရမယ်။ ခုတော့ တပြိုင်တည်း ခြောက်သွေ့သေရတယ်ဆိုတော့ နည်းနည်းတော့ထူးဆန်းနေတယ်။ ဘာလို့လဲဆိုတော့ တခြားအပင်တွေက စိမ်းနေဆဲလေ။”လို့ ရွှေတောင်မြို့ရဲ့ နာရေးကူညီမှုအသင်းက ဦးမောင်မောင်ဦးက ပြောပါတယ်။

 

ပြည်-ရန်ကုန် ကားလမ်းရဲ့လမ်းတဖက်တချက်မှာ စီတန်းစိုက်ပျိုးထားတဲ့ ကျွန်းပင်တွေရဲ့နောက်မှာ ဆောက်လုပ်နေဆဲ အဆောက်အဦးတစ်ခုရှိနေပြီး  ဆောက်လုပ်ပြီးလုဆဲအချိန်မှာ အဆောက်အဦးရဲ့မျက်နှာစာက ကျွန်းပင်၂၀ ကျော်ဟာ တပြိုင်နက် ခြောက်သွေ့သေဆုံးသွားတာလို့ သိရပါတယ်။

 

ဒီအကြောင်းနဲ့ပတ်သက်ပြီး ပြည်ခရိုင် သစ်တောဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်သိန်းထွန်းကတော့ “ကျနော်တို့ ကွင်းဆင်းစစ်ဆေးပါ့မယ်။ ကျွန်းပင်ဆိုတာ ဘယ်မှာပေါက်ပေါက် နိုင်ငံတော်ပိုင်တယ်လို့ ပြဌာန်းထားပါတယ်။ ကျနော်တို့မှာ အပြည့်အဝတာဝန်ရှိပါတယ်။ ဘာကြောင့်သေရတယ်၊ တနည်းနည်းက ဘယ်လိုလဲ ဘာကြောင့်ဆိုတာ ကွင်းဆင်းဆောင်ရွက်မယ်။” လို့ ပြောပါတယ်။

 

ဆီဆိုင်ရဲ့ယာယီတာဝန်ခံ ဦးကျော်လွင်ကတော့ “ကွန်ကရစ် ခင်းလိုက်လို့ အမြစ်တွေ တိုးမရတာလည်း ဖြစ်နိုင်ပါတယ်။ မြေဘဲဖို့ပါတယ် ၊ ဆေးထိုးမသတ်ပါဘူး။” လို့ ဆိုပါတယ်။

 

ခြောက်သွေ့သေဆုံးသွားတဲ့ ကျွန်းပင်တွေဟာ အမြင့်ပေ ၂၀ ခန့်၊ လုံးပတ်က တစ်ပေ ၊ တစ်ပေခွဲရှိပြီး  တပြိုင်တည်းသေဆုံးသွားတဲ့ အပင်ပေါင်း၂၃ ပင်လောက် ရှိပါတယ်။ အဲဒီဓာတ်ဆီဆိုင်နေရာဟာ အရင်ကလယ်ယာမြေတွေဖြစ်ပြီး အရင်သတင်းစကြားချိန်က စက်မှုလယ်ယာမြေသုံး အရောင်းပြခန်းဖွင့်မယ်လို့ ဆိုခဲ့ရာက အခုဓါတ်ဆီဆိုင်ဖြစ်သွားတာပါ။

 

#voiceofmyanmar # မကြာခင်ဖွင့်တော့မယ့်ဆီဆိုင်တစ်ခုရှေ့ကကျွန်းပင်တန်းတပြိုင်နက် ခြောက်သွေ့သေဆုံး  # ပြည် #

Related posts

Leave a Comment

VOM News

FREE
VIEW