စပါးဈေးတက် ဝယ်ယူဖို့ ပြည်ခရိုင်က လယ်သမားတွေ အစိုးရကို တောင်းဆို

ပြည်၊ ဇွန် ၁၀ – ၂၀၁၉

လမင်း (VOM)

 

စပါးဈေးကျဆင်းနေလို့ ဈေးမြင့်ဝယ်ယူဖို့အတွက် ပဲခူးတိုင်း  ပြည်ခရိုင်က တောင်သူလယ်သမား နှစ်ရာလောက်ဟာ ဒီနေ့မနက်က ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

 

“လယ်တွေသိမ်းဆည်းခံရလို့နစ်နာမှုကတစ်မျိုး ၊ သိမ်းဆည်းခံမြေတွေမှာ ဝင်လုပ်လို့ တရားစွဲခံရတော့ နစ်နာတာတစ်မျိုး၊ လယ်ယာမြေ အငြင်းပွားမှုဖြစ်ရင် လယ်စီမံအဖွဲ့တွေက ဥပဒေနဲ့အညီဆောင်ရွက်မပေးဘူး၊ အဲ့အချိန်မှာ နစ်နာတာတစ်မျိုး ခုချိန်မှာ ထပ်ပြီးတော့ စပါးဈေးတွေကျတယ်၊ စပါးဈေးတွေကျတော့ တောင်သူတွေဟာ နလံမထူနိုင်တော့ဘူး။ စိုက်ပျိုးစရိတ်ချေးငွေ မဆပ်နိုင်တော့ဘူး။ ဒုက္ခမျိုးစုံရောက်တယ်။ တောင်သူတွေက နာပြီးရင်းနာနေရတယ်။ ခုလိုနစ်နာမှုတွေကြောင့် တောင်းဆိုရတာဖြစ်ပါတယ်။ ” လို့ ဆန္ဒထုတ်ဖော်ပွဲ ဦးဆောင်သူ ဦးကျော်ဆွေက ဟြေပါတယ်။

 

ဆန္ဒထုတ်ဖော်ရာမှာ သွင်းအားစု (ကုန်ကျစရိတ်) များအပြင် တောင်သူတစ်ဦးချင်း တစ်နေ့တာဝင်ငွေတွေကိုပါ ထည့်သွင်းတွက်ချက်ပေးရေး၊ စပါးဈေးအဆမတန် ကျဆင်းနေမှုထိန်းညှိပေးရေး၊  တစ်နိုင်ငံလုံးက တောင်သူတွေ ဘဝရပ်တည်မှုကို ထည့်သွင်းစဉ်းစားပေးရေး ဗီနိုင်းများကိုင်ဆောင်ကာ ဒို့အရေး ကြွေးကြော်သံတွေနဲ့အတူ လှည့်လည်ခဲ့သလို ဗိုလ်ချုပ်ကျောက်ရုပ်ရှေ့မှာစုပြီး ဟောဟြေမှုတွေ ပြုလုပ်ခဲ့ပါတယ် ။

 

“ကျမတို့ ရောင်းလိုက်တဲ့ပစ္စည်းတွေကျ ဈေးနှိမ်ပြီးတော့ဝယ်တယ်။ ပြည်တွင်းထဲ ပြန်ရောင်းတာကျတော့ ဈေးတွေတက်ရောင်းတယ်။ တောင်သူတွေ အများကြီးနစ်နာတယ်၊ လယ်ထွက်ကုန်တွေပေါ်မှာ သူတို့နှိမ်ဝယ်တဲ့အတွက် ကျမတို့သားသမီးတွေ၊ တူတွေ၊ တူမတွေဆိုရင် ဆန်ဈေးတွေ နှိမ်ဝယ်တဲ့အတွက် ဆယ်တန်းမထားနိုင်တော့ဘူး။ ” လို့ ပြည်မြို့နယ် မအူတောအုပ်စုက တောင်သူ ဒေါ်အေးအေးခိုင်က ဟြေပါတယ်။

 

ပြီးခဲ့တဲ့လကလည်း စပါးဈေးကို မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က သတ်မှတ်ထားတဲ့ ဈေးအောက် နှိမ်ချဝယ်ယူတဲ့အတွက် ဇီးကုန်းမြို့နဲ့ ကြို့ပင်ကောက်မြို့တွေမှာ တောင်သူတွေစုပြီး ဆန္ဒဖော်ထုတ်ခဲ့ကြပါသေးတယ်။

 

#voiceofmyanmar # စပါးဈေးတက်ဝယ်ယူဖို့ ပြည်ခရိုင်ကလယ်သမားတွေအစိုးရကိုတောင်းဆို   #ပြည်  #ပဲခူး

 

Related posts

Leave a Comment

VOM News

FREE
VIEW