ဇီးကုန်း၊ ဇွန် ၁၀ – ၂၀၁၉
မိုးယံ(VOM)
ပဲခူးတိုင်း ဇီးကုန်းမြို့နယ် အမှတ်(၅)ရပ်ကွက် ရန်ကုန်-ပြည် မီးရထားလမ်းပေါ်မှာ ဒီနေ့မနက်ပိုင်းက ခရီးသွား အမျိုးသားတစ်ဦး ရထားတိုက်လို့ သေဆုံးသွားတယ်လို့ ဇီးကုန်းမြို့မရဲစခန်းက သိရပါတယ်။
“ကျနော်မြို့မဈေးကို ရထားလမ်းအတိုင်း လမ်းလျှောက်သွားတာ။ အဲဒီမှာ လူတစ်ယောက် ဝမ်းလျားမှောက်ကြီးသေနေတာတွေ့တယ်။ ခဲရောင်စပို့ရှပ်အင်္ကျီလက်တိုနဲ့ ခဲရောင်ဂျင်းဘောင်းဘီအရှည် ဝတ်ထားတာ တွေ့တယ်။ ခေါင်းမှာလည်း ပေါက်ပြဲနေတာပဲ။ ကျောကုန်းမှာလည်း ပွန်းခြစ်ဒဏ်ရာတွေ တွေ့တယ်။”လို့ မျက်မြင်တွေ့ခဲ့တဲ့ ဦးအေးကြူက ပြောပါတယ်။
သေဆုံးသူရဲ့အနီးရှိ ကျောပိုးအိတ်ထဲက မှတ်ပုံတင်နဲ့ ဦးအောင်ဝင်းရဲ့သား ကိုနေမျိုးဝင်း (အသက် ၃၆ နှစ်) ဖြစ်ပြီး အဲဒီအိတ်ထဲကနေပဲ ဖုန်းကိုတွေ့တဲ့အတွက် သူ့ဇနီးဆီကို အကြောင်းကြားခဲ့တယ်လို့ ဆိုပါတယ်။
“ကျမတို့က တောင်တွင်းကြီးမြို့မှာ နေတာပါ။ မကြာခဏ တော့ စကားများတတ်ပါတယ်။ ၈ရက်နေ့ကတည်းက အိမ်က ထွက်သွားတာပဲ။ အခု ဇီးကုန်းမြို့မစခန်းက အကြောင်းကြားလို့ သေဆုံးသူဟာ ကျမယောကျာ်း ကိုနေမျိုးဝင်း ဆိုတာ သိရတာပါ။” လို့ သေဆုံးသူ ဇနီး မမိုးမမဖြိုးက ပြောပါတယ်။
သေဆုံးသူမှာ ဦးခေါင်းချိုစောင်း ပေါက်ပြဲဒဏ်ရာ၊ ဦးခေါင်း နောက်စေ့ ပေါက်ပြဲဒဏ်ရာ၊ မေးရိုးကျိုး၊ နှာခေါင်းသွေးယိုစီး၊ ကျောကုန်းပွန်းခြစ်ဒဏ်ရာတွေ တွေ့ရတယ်လို့ ရဲမှတ်တမ်းမှာ ဖော်ပြထားပါတယ်။
ဓမ္မတာ အတိုင်းသေဆုံးတာ ဟုတ်/မဟုတ်စုံစမ်းနေပြီး သေမှုသေခင်း အမှတ်စဉ်(၆/၂၀၁၉)နဲ့ အမှုဖွင့် စုံစမ်းစစ်ဆေးနေတယ်လို့ ဇီးကုန်းမြို့မရဲစခန်းက စခန်းမှူး ကျော်ကျော်က ပြောပါတယ်။ ပုဂံရထားပေါ်က ပြုတ်ကျတာကို ပြည်ဘက်သွားတဲ့ ကားရထားက တိုက်တာ ဖြစ်နိုင်တယ်လို့ ဝေဖန်ပြောဆိုတာတွေလည်း ရှိနေပါတယ်။
#voiceofmyanmar # ဇီးကုန်းမြို့နယ်ရထားလမ်းပေါ်မှာအမျိုးသားတစ်ဦးရထားတိုက်သေဆုံး # ပဲခူး # ဇီးကုန်း