ဒုက္ခသည်စခန်းဖွင့်ထားတဲ့ ဘုန်းကြီးကျောင်းအတွင်း ဝင်ခွင့်မပေးလို့ ကျောင်းပြင်မှာ တပ်မတော်က နေရာယူထား

ပုဏ္ဏားကျွန်း၊ ဇွန် ၁၀-၂၀၁၉

ခိုင်လင်းစံ (VOM)

 

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် ပေါက်တောပြင်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၊ ကယ်ဆယ်ရေးစခန်းကို တပ်မတော်စစ်ကြောင်းက ဒီကနေ့မနက် ၉ နာရီလောက်ကနေ ဝိုင်းထားတာ ဖြစ်ပါတယ်။

 

ပေါက်တောပြင်ကျေးရွာ စာသင်ကျောင်းမှာ တပ်မတော်က ဇွန်လ ၅ ရက်က စတင်ပြီးတော့ စခန်းချထားတာဖြစ်ပြီး ဒီကနေ့မနက်ပိုင်းမှာ ဒုက္ခသည်တွေကို စစ်ဆေးမှုတွေ ပြုလုပ်မယ်ဆိုပြီးတော့ ဘုန်းတော်ကြီးကျောင်းကို ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

 

“အခုလောလောဆယ်တော့ ကျောင်းကို အပြင်ကနေ ဝိုင်းထားပါတယ်။ မနက် ၉ နာရီလောက်မှာ အမှတ် ၂၂ စစ်ကြောင်းကနေ ကျောင်းကိုလာတယ်။ ဒုက္ခသည်တွေကို စစ်ဆေးမယ်လို့ ပြောပါတယ်။ ဦးဇင်းတို့က စစ်ဆေးမယ်ဆိုရင် အရပ်ဝတ်နဲ့ လာပါ၊ အဖွဲ့စုံခေါ်လာပေါ့။ ရဲတို့၊ လဝက တို့ကိုပါ ခေါ်လာခဲ့ဆိုပြီးတော့ ပြောတယ်။ ဒီတိုင်းတော့ ဝင်ခွင့်မပေးဘူး။ သူတို့က ဝင်ခွင့်မပေးလို့ ကျောင်းကို ဝိုင်းထားတာ ဖြစ်ပါတယ်။”လို့ စခန်းတာဝန်ခံ ဦးသဘာဝနဒီက ပြောပါတယ်။

 

တပ်မတော်ဘက်က အခုလိုဝိုင်းဝန်းထားတာနဲ့ပတ်သက်လို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးဆီကို ဖုန်းဆက်သွယ်မေးမြန်းခဲ့ရာမှာတော့ ဖြေကြားပေးဖို့ မအားသေးကြောင်း ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။

 

“အထက်က အမိန့်အရ လာတာလို့ ပြောပါတယ်။ ဝင်ခွင့်မပေးလို့ ကျောင်းပတ်လည်မှာ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ စောင့်နေကြတယ်။ အင်အား ၂၀၀ လောက်ရှိပါတယ်။ ကျောင်းဘေးက တောင်ကုန်ပေါ်မှာလည်း စောင့်နေကြပါတယ်။ ဒုက္ခသည်တွေကတော့ ကြောက်ပြီး အပြင်မထွက်ရဲဘဲ အခန်းထဲမှာ နေနေကြရပါတယ်။”လို့ ဦးသဘာဝနဒီက ပြောပါတယ်။

 

အဲ့ဒီကယ်ဆယ်ရေးစန်းမှာ လူဦးရေ ၃၁၂၀ ကျော်ရှိနေပြီး တောဖျားချောင်းဒေသမှာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း တိုက်ပွဲ ဖြစ်ပွားခဲ့တဲ့အတွက် ကြောက်ရွံ့ပြီး ထွက်ပြေးလာခဲ့ကြတာ ဖြစ်ပါတယ်။

 

#voiceofmyanmar # ဒုက္ခသည်စခန်းဖွင့်ထားတဲ့ဘုန်းကြီးကျောင်းအတွင်းဝင်ခွင့်မပေးလို့ကျောင်းပြင်မှာ တပ်မတော်ကနေရာယူထား   #ရခိုင်  # ပုဏ္ဏားကျွန်း #ပေါက်တောပြင်

 

ဓါတ်ပုံ – သဘာဝနဒီ

Related posts

Leave a Comment

VOM News

FREE
VIEW