အကျဉ်းသားတွေကို ပြစ်ဒဏ်ကျရက်မပြည့်ခင် ကတိခံယူချက်နဲ့ လွှတ်ပေးမယ့်စနစ် ကျင့်သုံးတော့မယ်

ရန်ကုန် ၊ဇွန် ၁၀ – ၂၀၁၉

သိင်္ဂီ (VOM)

 

မြန်မာနိုင်ငံရဲ့ အကျဉ်းထောင်တွေမှာ ထားနိုင်တဲ့ အကျဉ်းသားအရေအတွက်ထက် ပိုများနေတာကြောင့် အကျဉ်းသားအရေအတွက်လျှော့ဖို့ နိုင်ငံခြားတွေမှာ ကျင့်သုံးနေတဲ့ Parole System ခေါ် ပြစ်ဒဏ်မစေ့မီ ကျန်ပြစ်ဒဏ်ကာလကို ပြင်ပမှာ ကောင်းမွန်စွာ နေထိုင်မယ်ဆိုတဲ့ ကတိခံယူချက်နဲ့ လွှတ်ပေးတဲ့ စနစ် ကျင့်သုံးသွားမယ်လို့  ပြည်ထဲရေးဝန်ကြီးဌာန၊ အကျဉ်းဦးစီးဌာနက သိရပါတယ်။

 

“လက်ရှိမှာ ကျင့်သုံးခြင်းမရှိပါဘူး။ ဒါပေမယ့် လူဦးရေ ကျပ်တည်းမှုကို ရေရှည်ဖြေရှင်းဖို့အတွက် ဒီစနစ်ကို ကျင့်သုံးဖို့ စတင် စီစဉ်ဆောင်ရွက်နေတာ ဖြစ်ပါတယ်။” လို့ အကျဉ်းဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

 

မေ ၂၉ ရက်နေ့ကကောက်ယူထားတဲ့ ထောင်ပိတ်အင်အားစာရင်းတွေအရ အကျဉ်းသား၊ အကျဉ်းသူ၊ အချုပ်သား၊အချုပ်သူ စုစုပေါင်း ၈၅၇၉၅ ဦးထိန်းသိမ်းထားရတယ်ဆိုတဲ့ အရေအတွက်ဟာ သတ်မှတ် ဝင်ဆံ့ အင်အားအရေအတွက်ထက်  လူဦးရေ ၁၁၆၄၂ ဦး ပိုနေတာဖြစ်ပြီး ရာခိုင်နှုန်းအရ ၁၆ ရာခိုင်နှုန်း ပိုလက်ခံထားနေရတဲ့အတွက် အကျဉ်းသားဦးရေ လျှော့ချရေး အစီအမံထားရှိဖို့ လိုအပ်တယ်လို့ သူက ဆိုပါတယ်။ တကယ်ထိန်းသိမ်းထားနိုင်တဲ့ ပမာဏက ၇၄၁၅၃ ဦးလို့ သိရပါတယ်။

 

ဒီလိုကျင့်သုံးနိုင်ဖို့အတွက် ” မြန်မာနိုင်ငံ အကျဉ်းထောင်များနှင့် ကိုက်ညီသည့် ခံဝန်ဖြင့်လွှတ်ပေးသည့် အကျဉ်းသားများအား စောင့်ကြပ်ကြည့်ရှုလေ့လာခြင်းဆိုင်ရာဥပဒေ Proportion Law မူကြမ်း” ကို စတင်ရေးဆွဲနေပြီ ဖြစ်တဲ့အတွက် ဥပဒေကို အတည်ပြုပြီးတာနဲ့ ဥပဒေနဲ့အညီ အကောင်အထည်ဖော်ကျင့်သုံး ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

 

ဒီ  Proportion Law ဥပဒေမူကြမ်းကို အခန်း ၁၀ ခန်းနဲ့ ရေးဆွဲပြီး အတည်ပြုနိုင်ဖို့ ဆွေးနွေးမှုတွေ ပြုလုပ်နေပြီဖြစ်ပြီး အတည်ပြုရေးဆွဲပြီးပါက ပြည်ထောင်စုရှေ့နေချုပ်ရုံးကို သဘောထား မှတ်ချက်တောင်းခံသွားမယ်လို့ ဆိုပါတယ်။

 

အဲဒီမူကြမ်းကို  ပြည်ထဲရေးဝန်ကြီးဌာန၊ ဥပဒေအကြံပေးကော်မတီနဲ့ အသေးစိတ် ညှိနှိုင်းရေးဆွဲကာ အတည်ပြုဆုံးဖြတ်ချက် ချမှတ်ထားသလို ဥပဒေ အတည်ပြု ပြဌာန်းပြီးတဲ့အချိန်အထိ အဆင့်ဆင့် တင်ပြဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

 

လက်ရှိမြန်မာနိုင်ငံမှာက  အကျဉ်းထောင် ၄၂ ခု၊ အချုပ်ထောင် ၅ ခု၊ ကုန်ထုတ်စခန်း ၁၈ ခု၊ စိုက်ပျိုး၊ မွေးမြူရေးနဲ့ အတတ်သင်စခန်း ၃၀ ခု စုစုပေါင်း ၉၅ ခု ဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။

 

#voiceofmyanmar # အကျဉ်းသားတွေကိုပြစ်ဒဏ်ကျရက်မပြည့်ခင်ကတိခံယူချက်နဲ့ လွှတ်ပေးမယ့်စနစ် ကျင့်သုံးတော့မယ် # အကျဉ်းထောင် #Proportion Law #ရန်ကုန်

Related posts

Leave a Comment

VOM News

FREE
VIEW