ဦးဝီရသူ ဟောပြောချက်တွေထဲမှာ မှန်ကန်တဲ့အကြောင်းပါခဲ့ရင်တော့ အစိုးရအနေနဲ့ လိုက်နာကျင့်သုံးစေချင်တယ်

ရန်ကုန် ၊ ဇွန် ၁၀ – ၂၀၁၉

သိင်္ဂီ( VOM)

 

ဆရာတော် ဦးဝီရသူ ဟောပြောခဲ့တဲ့အချက်တွေကို သေချာစိစစ်လေ့လာပြီး မှန်ကန်တဲ့အကြောင်းပါခဲ့ရင် မှန်တာကိုတော့ လိုက်နာကျင့်သုံးစေချင်တယ်လို့ မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ(ရန်ကုန်) ဗဟိုအလုပ်အမှုဆောင် အရှင်တေဇဝန္တက ဒီနေ့ ဆုတောင်းပွဲမှာ မိန့်ကြားလိုက်ပါတယ်။

 

“ဒီနေ့က စီတန်းတယ်၊ လမ်းလျှောက်တယ်၊ ဆုတောင်းမေတ္တာပို့တယ်။ ဘယ်အဖွဲ့မှ ဦးဆောင်တာ မဟုတ်ဘူး။ ဒါက ရွှေဝါရောင်တုန်းကလိုပဲ၊ နိုင်ငံတော်အစိုးရကို ပြောချင်တာက နိုင်ငံတော်အကြီးအကဲတွေအနေနဲ့ အောက်က ပြောတဲ့စကားကို မဟုတ်ဘဲ ကိုယ်တိုင်လေ့လာသုံးသပ်ပြီးတော့မှ ဘယ်အချက်က ဟုတ်တယ်၊ သက်သက်မကောင်းတဲ့ဝါဒဖြန့်တယ်၊ ဘယ်အချက်ကတော့ ငါတို့ကို မှန်ကန်တဲ့ အကြောင်းပြောတယ်၊ ဒါလေးကတော့ မှန်ကန်တယ်ဆိုရင် လိုက်နာကျင့်သုံးစေချင်တယ်။” လို့ မိန့်ကြားခဲ့တာ ဖြစ်ပါတယ်။

 

ရန်ကုန် မြို့တော်ခန်းမရှေ့နဲ့ ဆူလေးဘုရားအနီးမှာ ဒီနေ့ ထပ်မံ ပြုလုပ်ခဲ့တဲ့ အမျိုးသားရေးဝါဒီဆရာတော် ဦးဝီရသူအတွက်  မေတ္တာပို့ ဆုတောင်းပွဲနဲ့ စီတန်းလှည့်လည်ပွဲဟာ အဖွဲ့အစည်းတစ်ခုက ဦးဆောင်လုပ်တာမျိုးမဟုတ်ဘဲ အမျိုးဘာသာ၊ သာသနာကို ချစ်မြတ်နိုးတဲ့ စိတ်တူကိုယ်တူလူတွေ လုပ်ခဲ့တာသာဖြစ်ပြီး ဒီဆုတောင်းပွဲအတွက် ခွင့်ပြုချက်တောင်းခံခဲ့တာလည်း မရှိဘူးလို့ မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ(ရန်ကုန်) က သိရပါတယ်။

 

ဒီအခမ်းအနားမှာ  အမျိုးဘာသာ သာသနာကိုချစ်မြတ်နိုးတဲ့လူ ထောင်ဂဏန်းဝန်းကျင်နဲ့ မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂတို့ကနေ  ဆရာတော် ဦးဝီရသူ ဘေးရန်ကင်းစေဖို့နဲ့ အချုပ်အနှောင်မှ ကင်းဝေးစေဖို့ မေတ္တာပို့ ဆုတောင်းခဲ့တာ ဖြစ်ပါ တယ်။

 

နိုင်ငံတ်ာအကြီးအကဲတွေအနေနဲ့  ဆရာတော်ဦးဝီရသူ ဟောပြောခဲ့တဲ့ အချက်တွေကို သေချာစိစစ်လေ့လာပြီးမှသာ  ဟုတ်၏၊ မဟုတ်၏၊  မှန်၊ မမှန်၏ကို သေချာဆုံးဖြတ်ပေးစေချင်တယ်လို့လည်း ပြောဆိုခဲ့ပါတယ်။ လက်ရှိမှာ ဆရာတော်ဦးဝီရသူကို ပုဒ်မ ၁၂၄(က) နဲ့ တရားစွဲဆိုထားပြီး ဝရမ်းပြေးအဖြစ် ဖမ်းဝရမ်း ထုတ်ပြန်ထားပါတယ်။

 

ဦးဝီရသူဘက်ကလည်း ဒီလိုထုတ်ပြန်မှုအပေါ် သူ့ကိုယ်သူ ဝရမ်းပြေးအဖြစ် မသတ်မှတ်သလို အဖမ်းမခံရဲလို့ ထွက်ပြေးနေခြင်းမဟုတ်ဘူးလို့ပြောဆိုသလို  ဘုရားသားတော်ဖြစ်တာကြောင့် ဓမ္မစက်နဲ့ ခံယူဖို့စောင့်နေတာဖြစ်တယ်လို့လည်း ရုပ်သံဖိုင်တွေကနေ တဆင့်ပြောဆိုတုံ့ပြန်ထားပါတယ်။

 

#voiceofmyanmar # ဦးဝီရသူ ဟောပြောချက်တွေထဲမှာမှန်ကန်တဲ့အကြောင်းပါခဲ့ရင်တော့အစိုးရအနေနဲ့ လိုက်နာကျင့်သုံးစေချင်တယ်  #ရန်ကုန် #

Related posts

Leave a Comment

VOM News

FREE
VIEW