ရန်ကုန် ၊ ဇွန် ၁၀ – ၂၀၁၉
သူရိန် (VOM)
ပြည်ပကို ပို့ကုန်တင်ပို့နေတဲ့ ကုမ္ပဏီတွေအနေနဲ့ နိုင်ငံခြားသုံးငွေနဲ့ ပြန်လည်ထည့်သွင်းဖို့ ပျက်ကွက်တဲ့ ကုမ္ပဏီ ၄၀ ခု ကျန်ရှိနေတယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနက သိရပါတယ်။
ပို့ကုန်တင်ပို့တဲ့ ကုမ္ပဏီတွေဟာ ပို့ကုန်ရငွေအားလုံးကို ကုန်ပစ္စည်းသင်္ဘောတင်တဲ့နေ့ကစပြီး ခြောက်လအတွင်း နိုင်ငံတော်အတွင်းက ဘဏ်ငွေစာရင်းအသီးသီးမှာ နိုင်ငံခြားသုံးငွေနဲ့ ထည့်သွင်းဖို့ တာဝန်ရှိတာပါ။
၂၀၁၇ ခုနှစ်အတွင်း ပြည်ပကို ပို့ကုန်တင်ပို့ပြီးနောက် ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်ဖို့ ကျန်ရှိတဲ့ ကုမ္ပဏီတွေထဲက ပမာဏအများဆုံးကျန်ရှိတဲ့ ကုမ္ပဏီ ၄၀ ခု ရှိကြောင်း ဗဟိုဘဏ်က အကြောင်းကြားလာတယ်လို့ ကုန်သွယ်ရေးဦးစီးဌာနက သိရပါတယ်။
“၂၀၁၇ အတွင်းမှာ ပို့ကုန်ရငွေ မထည့်တဲ့ ပို့ကုန်၊ သွင်းကုန်လုပ်ငန်းရှင်တွေကို အသိပေးတာပါ။ ၂၀၁၆ ဒီဇင်ဘာလက ပို့ကုန်ရငွေ ပြန်ဝင်ဖို့ကျန်တဲ့ ကုမ္ပဏီစာရင်းတွေကိုလည်း မေလက ကြေညာထားတာရှိတယ်။” လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ဒီကုမ္ပဏီတွေအနေနဲ့ ပေးသွင်းဖို့ ကျန်ရှိနေတယ်လို့ စတင်ကြေညာတဲ့ ဇွန်လ ၆ ရက်ကစပြီး ရက်ပေါင်း ၆၀ အတွင်း ပို့ကုန်ဝင်ငွေအားလုံးကို မိမိတို့ဘဏ်စာရင်းအသီးသီးမှာ နိုင်ငံခြားငွေနဲ့ ထည့်သွင်းနိုင်ဖို့အတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်နဲ့ ဆက်သွယ်စာရင်း ရှင်းလင်းဆောင်ရွက်ဖို့ ကုန်သွယ်ရေးဦးစီးဌာနက အသိပေးချက် ထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဌာန ဖုန်း ၀၁- ၅၄၃၅၁၀၊ လိုင်းခွဲ- ၂၆၇ သို့ ဆက်သွယ်စာရင်းရှင်းလင်းဆောင်ရွက်ဖို့လည်း ကြေညာထားပါတယ်။
#voiceofmyanmar # နိုင်ငံခြားသုံးငွေပြန်လည်ထည့်သွင်းရမယ့်ကုမ္ပဏီ ၄၀ ခုကျန်ရှိ # စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန #ရန်ကုန်