နိုင်ငံခြားသုံးငွေ ပြန်လည်ထည့်သွင်းရမယ့် ကုမ္ပဏီ ၄၀ ခု ကျန်ရှိ

ရန်​ကုန်​ ၊ ဇွန်​ ၁၀ – ၂၀၁၉

သူရိန် (VOM)

 

ပြည်ပကို ပို့ကုန်တင်ပို့နေတဲ့ ကုမ္ပဏီ​တွေအနေနဲ့ နိုင်ငံခြားသုံးငွေနဲ့ ပြန်လည်ထည့်သွင်းဖို့ ပျက်ကွက်တဲ့ ကုမ္ပဏီ ၄၀ ခု ကျန်ရှိနေတယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနက သိရပါတယ်။

 

ပို့ကုန်တင်ပို့တဲ့ ကုမ္ပဏီ​တွေဟာ ပို့ကုန်ရငွေအားလုံးကို ကုန်ပစ္စည်းသင်္ဘောတင်တဲ့နေ့ကစပြီး ခြောက်လအတွင်း နိုင်ငံတော်အတွင်းက ဘဏ်ငွေစာရင်းအသီးသီးမှာ နိုင်ငံခြားသုံးငွေနဲ့ ထည့်သွင်းဖို့ တာဝန်ရှိတာပါ။

 

၂၀၁၇ ခုနှစ်အတွင်း ပြည်ပကို ပို့ကုန်တင်ပို့ပြီးနောက် ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်ဖို့ ကျန်ရှိတဲ့ ကုမ္ပဏီတွေထဲက ပမာဏအများဆုံးကျန်ရှိတဲ့ ကုမ္ပဏီ ၄၀ ခု ရှိကြောင်း ဗဟိုဘဏ်က အကြောင်းကြားလာတယ်​လို့ ကုန်သွယ်ရေးဦးစီးဌာနက သိရပါတယ်​။

 

“၂၀၁၇ အတွင်းမှာ ပို့ကုန်ရငွေ မထည့်တဲ့ ပို့ကုန်၊ သွင်းကုန်လုပ်ငန်းရှင်တွေကို အသိပေးတာပါ။ ၂၀၁၆ ဒီဇင်ဘာလက ပို့ကုန်ရငွေ ပြန်ဝင်ဖို့ကျန်တဲ့ ကုမ္ပဏီစာရင်းတွေကိုလည်း မေလက ကြေညာထားတာရှိတယ်။” လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက​ ပြောပါတယ်​။

 

ဒီကုမ္ပဏီ​တွေအနေနဲ့ ပေးသွင်းဖို့ ကျန်ရှိနေတယ်​လို့ စတင်ကြေညာတဲ့ ဇွန်လ ၆ ရက်ကစပြီး ရက်ပေါင်း ၆၀ အတွင်း ပို့ကုန်ဝင်ငွေအားလုံးကို မိမိတို့ဘဏ်စာရင်းအသီးသီးမှာ နိုင်ငံခြားငွေနဲ့ ထည့်သွင်းနိုင်ဖို့အတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်နဲ့ ဆက်သွယ်စာရင်း ရှင်းလင်းဆောင်ရွက်ဖို့ ကုန်သွယ်ရေးဦးစီးဌာနက အသိပေးချက် ထုတ်ပြန်ထားပါတယ်​။

 

မြန်မာနိုင်ငံတော်ဗဟိုဘဏ် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဌာန ဖုန်း ၀၁- ၅၄၃၅၁၀၊ လိုင်းခွဲ- ၂၆၇ သို့ ဆက်သွယ်စာရင်းရှင်းလင်းဆောင်ရွက်ဖို့လည်း ကြေညာထားပါတယ်​။

 

#voiceofmyanmar # နိုင်ငံခြားသုံးငွေပြန်လည်ထည့်သွင်းရမယ့်ကုမ္ပဏီ ၄၀ ခုကျန်ရှိ  # စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန #ရန်ကုန်

 

Related posts

Leave a Comment

VOM News

FREE
VIEW