လူမြင်ကွင်းမှာ ကွပ်မျက်ဖို့ အသုံးပြုတဲ့နေရာ ၃၀၀ ကျော် မြောက်ကိုရီးယားမှာရှိနေ

ဆိုးလ်၊ ဇွန်-၁၁-၂၀၁၉

မျိုးဆက် (VOM)

 

လူမြင်ကွင်းမှာ  ကွပ်မျက်ဖို့အတွက် မြောက်ကိုရီးယားအစိုးရက အသုံးပြုတဲ့နေရာ ၃၁၈ ခုကို ဖော်ထုတ်နိုင်ခဲ့တယ်လို့ တောင်ကိုရီးယား လေ့လာစောင့်ကြည့်ရေးအဖွဲ့တစ်ဖွဲ့က အစီရင်ခံစာတစ်ခုရေးသားပြီး ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

 

တောင်ကိုရီးယားနိုင်ငံမှာရှိတဲ့  တရားမျှတမှုအသွင်ကူပြောင်းရေးဆိုင်ရာအဖွဲ့ဟာ အဲဒီ အစီရင်ခံစာအတွက် လေးနှစ်တာကာလအတွင်း မြောက်ကိုရီးယားကနေ ထွက်ပြေးလာသူ ၆၁၀ ဦးကို တွေ့ဆုံမေးမြန်းထားတယ်လို့ ဆိုပါတယ်။

 

အစီရင်ခံစာမှာတော့  မြောက်ကိုရီးယားမှာ နွားတစ်ကောင်ခိုးတာကစပြီး တောင်ကိုရီးယား ရုပ်မြင်သံကြားအစီအစဉ်တွေ ကြည့်တာလိုမျိုး  ပြစ်မှုတွေအတွက် ဆယ်စုနှစ်များစွာအတွင်း ကွပ်မျက်မှုတွေကို မှတ်တမ်းတင်ထားပါတယ်။

 

ဒီလိုမျိုး လူမြင်ကွင်းမှာ ကွပ်မျက်တာတွေကို မြစ်တွေ၊ လယ်ကွင်းတွေ၊ ဈေးတွေ၊ စာသင်ကျောင်းတွေနဲ့ အားကစားကွင်းတွေအနီးမှာ ပြုလုပ်ခဲ့တယ်လို့ တောင်ကိုရီးယားလေ့လာရေးအဖွဲ့က ပြောပါတယ်။

 

ကွပ်မျက်မှုကို ကြည့်ရှုဖို့အတွက် လူတစ်ထောင် ဒါမှမဟုတ် ဒီထက်ပိုပြီး  စုဝေးခဲ့ကြရတယ်လို့  ဇွန် ၁၁ ရက်မှာ ထုတ်ပြန်တဲ့ Mapping the fate of the dead လို့အမည်ရတဲ့   အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

 

သေဒဏ်ပေးကွပ်မျက်တာကို ကလေးငယ်တွေအပါအ၀င် မိသားစုဝင်တွေကိုပါ တခါတရံ အတင်းအကြပ်ကြည့်ရှုစေခဲ့တယ်လို့လည်း အဲဒီ အစီရင်ခံစာမှာ စွပ်စွဲထားပါတယ်။ အသတ်ခံရသူတွေရဲ့ အလောင်းတွေနဲ့  မြုပ်နှံထားနေရာတွေကို သူတို့ရဲ့ ဆွေမျိုးတွေကို ပေးအပ်၊ အသိပေးတာကတော့ ရှားရှားပါးပါးဖြစ်တယ်လို့ ဆိုပါတယ်။

 

ဒီလို လူမြင်ကွင်းမှာ ကွပ်မျက်တာကို ဖိအားပေးကြည့်ရှုခံရသူတွေထဲက အသက်အငယ်ဆုံးသူကတော့ ခုနစ်နှစ်အရွယ်ဖြစ်တယ်လို့ သက်သေအထောက်အထားတွေအရ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

Ref : BBC

Photo : AP

 

#voiceofmyanmar # လူမြင်ကွင်းမှာကွပ်မျက်ဖို့အသုံးပြုတဲ့နေရာ ၃၀၀ကျော်မြောက်ကိုရီးယားမှာရှိနေ  # ဆိုးလ်

Related posts

Leave a Comment

VOM News

FREE
VIEW