စိုက်ဘဏ်မှာ ပုံစံ ၇ မူရင်းအပ်ပြီးမှ ချေးငွေထုတ်ခွင့်ရတာဟာ တောင်သူတွေအတွက် အဆင်မပြေ

သာယာဝတီ၊ ဇွန် – ၁၂- ၂၀၁၉

ကိုနေထွန်း (VOM)

 

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ကနေ စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ရာမှာ လယ်ယာမြေလုပ်ပိုင်ခွင့်ပုံစံ(၇) မူရင်းကို အပ်နှံပြီး ထုတ်ယူနေရတဲ့အတွက် အခက်အခဲကြုံတွေ့နေရတယ်လို့ ပဲခူးတိုင်း သာယာဝတီမြို့နယ်မှာရှိတဲ့ တောင်သူတွေက ဆိုပါတယ်။

 

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်အနေနဲ့ စိုက်ပျိုးစရိတ်အဖြစ် တစ်ဧကကို တစ်သိန်းခွဲနှုန်းသာ ထုတ်ချေးပေးနေတာဖြစ်ပြီး တောင်သူတွေအနေနဲ့ကတော့ တကယ်တမ်းစိုက်ပျိုးစရိတ်ဟာ တစ်ဧကကို၂ သိန်းခွဲလောက် ကုန်ကျနေတာကြောင့် ချေးငွေထုတ်ပေးမှုလည်း မလုံလောက်ဘူးလို့ ဆိုကြပါတယ်။

 

ပုံစံ(၇)မူရင်းကို အပ်နှံထားရတာ မဟုတ်ဘဲ အရင်လို မိတ္တူကိုသာအပ်နှံထားခွင့် ရမယ်ဆိုရင် စိုက်ပျိုးစရိတ်အတွက် လိုအပ်တဲ့ငွေရရှိဖို့  ပြင်ပမှာ ပုံစံ(၇) ပေးပြီး အတိုးနှုန်းသက်သာစွာနဲ့ ထပ်မံချေးငှားခွင့်ရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အခုလို မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှာ ပုံစံ (၇) မူရင်းပေးထားရတာကြောင့် အပြင်မှာ ပစ္စည်းအပေါင်မရှိဘဲ ငွေအလွတ်ချေးရတဲ့အတွက် အတိုးကြီးပေးနေရတာ ဖြစ်ပါတယ်။ ဒါကြောင့်တောင်သူတွေဟာ အတိုးပေါ်အတိုးဆင့်နဲ့ ငွေကြေးအခက်အခဲတွေ ကြုံနေရသလို သီးနှံဈေးနှုန်းမကောင်းလို့လည်း ခက်ခဲတယ်လို့ သိရပါတယ်။

 

ပုံစံ (၇)မူရင်းကို အပ်နှံရတာနဲ့ ပတ်သက်လို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ဘက်က ပြောဆိုတာကတော့ အရင်နှစ်တွေကလို ပုံစံ(၇) မိတ္တူနဲ့သာ စိုက်ပျိုးစရိတ်ချေးငွေထုတ်ပေးခဲ့ရင် တောင်သူတွေအနေနဲ့ ဘဏ်ချေးငွေကို ပြန်ဆပ်တဲ့အခါ အကြွေးကျန်သူ များပြားတဲ့အတွက် ၂၀၁၈ ခုနှစ်က စပြီး ပုံစံ  (၇)မူရင်းနဲ့သာ ထုတ်ချေးပေးတော့တာ ဖြစ်တယ်လို့ သိရပါတယ်။

 

ဒါ့အပြင်   မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်အနေနဲ့ တောင်သူအကျိုးကြည့်ပြီး  တောင်သူတွေအဆင်ပြေစေဖို့ စိုက်ပျိုးစရိတ်ကို တစ်နှစ် ၂ ကြိမ် ထုတ်ချေးပေးနေတဲ့အပြင် လယ်ယာသုံး စက်ယန္တရားတွေ ၀ယ်ယူနိုင်ဖို့အတွက် ဂျပန်နိုင်ရဲ့အကူအညီနဲ့ သိန်း ၄၀၀/၅၀၀ အထိ ထုတ်ချေးပေးနေတာမျိုးလည်း ဆောင်ရွက်ပေးနေတယ်လို့  သိရပါတယ်။

 

#voiceofmyanmar # စိုက်ဘဏ်မှာပုံစံ၇မူရင်းအပ်ပြီးချေးငွေထုတ်ခွင့်ရတာဟာတောင်သူတွေအဆင်မပြေ   # ပဲခူး #သာယာဝတီ

Related posts

Leave a Comment

VOM News

FREE
VIEW