ပြည်တွင်း ငရုတ်(ငြုပ်) ရှားပါးနေလို့ နယ်စပ်ကတင်သွင်းခွင့်ပြုဖို့တင်ပြ

ရန်ကုန်၊ ဇွန် ၁၅-၂၀၁၉

သူရိန်​ (VOM)

 

 

ပြည်ပ၀ယ်ယူမှု များလာတာကြောင့် ပြည်တွင်းမှာငရုတ်သီး(ငြုပ်)အစိုရှားပါးနေတဲ့အတွက် စားသုံးသူ​တွေ နစ်နာမှုမရှိ​အောင်​ နယ်စပ်ကတရားဝင် တင်သွင်းခွင့်ပြုဖို့ စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနကို အကြံပြုတင်ပြထားတယ်​လို့ စားဖိုဆောင်သီးနှံ စိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းက သိရပါတယ်။

 

စားဖိုဆောင်သီးနှံစိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း ဥက္ကဌ ဦးခင်ဟန် ​ပြောပြတာက

“ အခုဝင်နေတာတွေကတော့ တရားမ၀င်တွေများတယ်။ အဲ့တော့တရားဝင်သွင်းခွင့် ပြုဖို့ စီးပွားကူးသန်းကို ကျနော်တို့က အကြံပေးထားတယ်။ သူတို့ဘက်ကလည်း FDA ထောက်ခံချက်ပေးဖို့၊ကျွန်တော်တို့ကလည်းကျွန်တော်တို့ဆုံးဖြတ်ပြီး ပေးလို့မရဘူး။ နိုင်ငံတော်အနေနဲ့ပဲလုပ်လို့ရမယ်။ သူတို့ ဒီရက်ပိုင်းမှာပဲ ကျောက်ဆည်မှာ အစည်းအဝေးလုပ်မယ်ဆိုတော့ အစည်းအဝေးလုပ်ပြီး သူတို့တင်ပြပြီးရင်တော့ သွင်းခွင့်ပြုသင့်တယ်ဆိုရင်သူတို့ ခွင့်ပြုမှာပေါ့။ တကယ်လို့ခွင့်ပြုလိုက်ပြီဆိုရင်တော့ ထိုက်သလောက်တော့ဈေးနည်းနည်း လျော့သွားမယ်။ အဲ့ဒီ့လိုမှ မဟုတ်ဘူး ဆိုရင်တော့ မကြာခင်မှာငရုတ်သီးက တစ်သောင်း အထက်နားမှာ ရောက်သွားလိမ့်မယ်လို့ ဥက္ကဌ ဦးခင်ဟန်ကပြောပါတယ်​။

 

ဒီလိုပြည်ပ ဝယ်ယူမှုများလာတာကြောင့်ပြည်တွင်းငရုတ်သီး(ငြုပ်)အစိုများဈေးနှုန်းမြင့်တက်​နေပါတယ်။ အရင်က ငရုတ်အစိုဈေး တစ်ပိဿာကိုကျပ် ၁၅၀၀ က​နေ၂၀၀၀ အတွင်းရှိခဲ့​ပေမယ့်​လက်ရှိမှာငရုတ်အစို တစ်ပိဿာကို ၈၅၀၀ ကျပ်အထိဈေးနှုန်းမြင့်တက်​နေပါတယ်​။

 

ဒီငရုတ်အစို​တွေကိုတရုတ်နိုင်ငံနဲ့ထိုင်းနိုင်ငံတို့က ၀ယ်ယူနေတာဖြစ်ပြီးတရုတ်နိုင်ငံအနေနဲ့အရင်က ငရုတ်ဝယ်ယူမှု နည်းပါးခဲ့ပေမယ့်​လည်းပြီးခဲ့တဲ့ဖေဖော်ဝါရီနောက်ဆုံး ပတ်ကစပြီး ပိုမိုဝယ်ယူလာတာဖြစ်​ပါတယ်​။

 

“ အရင်က၀ယ်ပေမယ့် အခုလို အများကြီးမ၀ယ်ဘူး။ အ ဓိက သူတို့ဝယ်နေတာက ဗီယက်နမ်နဲ့ အိန္ဒိယကပါ။ အဲ့ဒီ့နိုင်ငံတွေက ၀ယ်လို့မရလို့ မြန်မာနိုင်ငံက ၀ယ်တယ်လို့ ကြားတယ်။ ဒီရက်ပိုင်း တော်တော်ဝယ်အားကောင်းတယ်။ တစ်ယောက် တစ်ယောက်ကို ကားအစီး ၁၅၊ ၂၀ လောက် ၀ယ်နေတာ။ စိုက်တဲ့သူကခြောက်အောင်တောင်စောင့်စရာမလိုဘူး။ အစိုတွေ စွတ်ရောင်းပစ်တာ” လို့ ဦးခင်ဟန်က ဆက်​ပြောပါတယ်​။

 

 

လက်ရှိမှာ ဘုရင့်နောင်ကုန်စည်ဒိုင်ကို မြစ်ဝကျွန်းပေါ် ဒေသ​တွေဖြစ်တဲ့ မအူပင်၊ ဟင်္သာတ၊ ၀ါးခယ်မ၊ ရွှေလောင်းအစရှိတဲ့ဒေသ​တွေက ထွက်ရှိတဲ့ငရုတ်​တွေ ၀င်ရောက်နေပြီး မြန်မာနိုင်ငံ အလယ်ပိုင်းဒေသက ငရုတ် စိုက်ဒေသ​တွေကထွက်ရှိတဲ့ ငရုတ်သီး​တွေလည်း ဈေးကွက်အတွင်း မကြာမီ ၀င်ရောက်လာတော့မှာဖြစ်​ပါတယ်​။

 

#voiceofmyanmar #ငရုတ်သီးဈေးကွက် #ငရုတ်ပြည်ပကသွင်းမယ်

 

Related posts

Leave a Comment

VOM News

FREE
VIEW