၅လအတွင်း ခွေးကိုက်ခံရတဲ့လူနာ ၅၀၀၀ ဝန်းကျင်ရှိပြီး ခွေးရူးပြန် ရောဂါခံစားရတဲ့လူနာ ၁၀ ဦးရှိတဲ့အပြင် သေဆုံးတစ်ဦးရှိခဲ့

ရန်ကုန် ၊ ဇွန် -၁၅-၂၀၁၉

သိင်္ဂီ(VOM)

 

ဒီနှစ် ဇန်နဝါရီကနေ မေလအထိ ၅လအတွင်း  ရန်ကုန်ပြည် သူ့ဆေးရုံကြီးကိုလာရောက်ကုသမှုခံယူခဲ့တဲ့  ခွေးကိုက်ခံရတဲ့လူနာပေါ ၄၆၀ဝ ကျော်ရှိခဲ့ပြီး ခွေးရူးပြန်ရောဂါ ခံစားနေရတဲ့ လူနာက ၁၀ ဦးကျော်ရှိတယ်လို့ ရန်ကုန်ပြည် သူ့ဆေးရုံကြီးကသိရပါတယ်။

 

“” ပြီးခဲ့တဲ့ နှစ်ကဆို ခွေးကိုက်ခံရလို့ လာရောက်ကုသတဲ့ လူနာဦးရေပေါင်း ၁၀၀၀၀ ကျော်ရှိခဲ့တယ်၊ အစကတော့ ခွေးကိုက်ရင် ပြည်သူလူထုတွေက နီးစပ်ရာ ဒေသန္တရတွေ နီးစပ်ရာဆေးရုံတွေ မှာသွားထိုးကြတာရှိတယ်။ အဲဒီ အခါကျရင် ကိုယ်ကဆေးသွားထိုးချိန်မှာ ဆေးအဆင်မပြေတာတွေ ရှိနိုင်သလို အခက်အခဲတွေ အများကြီးရှိတယ်။ ဒါကြောင့် ခုဆို ကုသရေးဌာနသီးသန့်ဖွင့်ပေးလိုက်ပြီ။ ဆေးရုံးကြီးလေးခုမှာပါ၊အချိန်မရွေး ခွေးကိုက်ခံရတာနဲ့ ချက်ချင်းသွားပြနိုင်ပြီ”လို့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာ ခင်သိင်္ဂီမြင့်ကပြောပါတယ်။

 

လက်ရှိမှာ မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာအရ ခွေးကိုက်ခံရမှုအဖြစ်ပွားဆုံးဖြစ်တဲ့ ရန်ကုန်တိုင်းမှာ ခွေးကိုက်လူနာတွေကို ကုသပေးမယ့် Dog Bite Center လေးခုကို ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ သင်္ဃန်းကျွန်းပြည်သူ့ဆေးရုံကြီး၊ မြောက်ဥက္ကလာဆေးရုံကြီးနဲ့အင်းစိန်ဆေးရုံကြီး မှာ စတင်ဖွင့်လှစ်ပေးလိုက်ပြီလို့သိရပါတယ်။

 

Dog Bite Center ဖွင့်လှစ်ပြီး ၂ ပတ်အတွင်းမှာပဲ ခွေးကိုက်ခံရတဲ့လူနာ ၅၀၀ ဝန်းကျင် ရန်ကုန်ပြည်သူ့ဆေးရုံကြီးထံ လာရောက်ပြသမှုရှိခဲ့ကြောင်း ၊ ခွေးကိုက်ခံရမှုအများဆုံးမြို့နယ်တွေက သာကေတမြို့နယ်၊ ဒေါပုံမြို့နယ်၊ တာမွေမြို့နယ်နဲ့ စမ်းချောင်းမြို့ နယ်တွေဖြစ်တယ်လို့သိရပါတယ်။

 

ဒါကြောင့် ခွေးကိုက်ခံရပါက နီးစပ်ရာ ဆေးရုံကိုသွားရောက်ပြီး ခွေးရူးပြန်ကာကွယ်ဆေးကို ထိုးနှံဖို့လိုအပ်ကြောင်းနဲ့ တကယ်လို့  ခွေးရူးပြန်ကာကွယ်ဆေးမထိုးခဲ့မိရင်နောက်ဆက်တွဲ ဆိုးကျိုးအဖြစ်   ခွေးရူးပြန်ရောဂါဖြစ်ပွားပြီး အသက်ဆုံးရှုံးတဲ့အခြေအနေအထိဖြစ်လာနိုင်တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဧပြီလပိုင်းထဲမှာ ခွေးရူးပြန်ရောဂါ ကြောင့် ကလေးငယ်တစ်ဦးသေးဆုံးခဲ့တဲ့ဖြစ်စဉ်ရှိခဲ့ပါတယ်။

 

“ခွေးရူးပြန်ရောဂါနဲ့  သေသွားသူတွေရဲ့ နောက်ကြောင်းကိုမေးကြည့်တော့ အသိနောက်ကျတာ ၊ ဆေးရုံအလာနောက်ကျ ၊ဆေးထိုးနောက်ကျတာတွေကြောင့်ဆိုတာသိရတယ်။ ခွေးကိုက်ခံရရင် အမြန်ဆုံး ၊ အချိန်မလွန်ခင် ကာကွယ်ဆေးသွားထိုးပါ။ တကယ်လို့ ဆေးမထိုးဖြစ်ဘူးဆိုရင် ဒါထက်မက အသက်ဆုံးရှုံးမှုတွေဖြစ်နိုင်တယ်။ ခွေးကိုက်လိုက်ရင် ခွေးရူးလား ကောင်းလား ပြောရခက်တယ်။ ဘာပဲဖြစ်ဖြစ် ရောဂါရှိတဲ့ခွေးကိုက်တယ်လို့ ယူဆပြီး ဆေးထိုးပေးတယ်။ ဆေးဆိုတာ စောစောထိုးနိုင်ရင်ကောင်းတယ်။ နောက်ကျမှရောက်လာရင် ရောဂါပိုးက သွေးထဲရောက်သွားပြီ။ ပျံ့နှံ့ပြီးချိန်မှ ဆေးထိုးတာ့ ကာကွယ်နိုင်မှုနည်းသွားမယ်”လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ၊ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူးဒေါက်တာထွန်းတင်က ပြောပါတယ်။

 

ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်ကတော့ တစ်နိုင်ငံလုံးအတိုင်းအတာမှာ ခွေးရူးပြန်ရောဂါကြောင့် သေဆုံးခဲ့သူ  ၇၀ ခန့်ရှိခဲ့ပြီး သတင်းပို့တဲ့ လူနာပေါင်းက  ၂ သိန်းဝန်းကျင်ရှိခဲ့တယ်လို့သိရပါတယ်။

 

ခွေးကိုက်ခံရတာနဲ့ပတ်သက်ပြီး ဆေးပညာအရ  အဆင့် ၃ ဆင့်သတ်မှတ်ထားကြောင်း၊ ခွေးတစ်ကောင်က   လူတစ်ယောက်ရဲ့ပုံမှန် အရေပြားကို  အစာကျွေးရင်းဖြစ်စေ ၊ လျှာဖြင့်ယက်တာ ထိတွေတာကို အဆင့် ၁ သတ်မှတ်ထားကာ  ခွေးကိုက်ခံရတဲ့ လက္ခဏာတွေ့ရှိတာကို အဆင့် ၂ သတ်မှတ်ပြီး  ခွေးကိုက်ခံရတဲ့ ဒဏ်ရာ  နက်ခြင်း ၊ ဒဏ်ရာကြီးမားခြင်း ၊ သွေးထွက်များတာ တွေကိုတော့ အဆင့်သုံးအဖြစ် သတ်မှတ်ထားတယ်လို့သိရပါတယ်။

 

ခွေးကိုက်ခံရမှု အဆင့်  ၃ အဖြစ်သတ်မှတ်ခံရတဲ့ ခွေးကိုက်ခံလူနာတွေကို   ခွေးရူးပြန်ကာကွယ်ဆေး အသားထဲထိုးရုံသာမက ခွေးရူးပြန်ရောဂါပိုးကို တစ်ခါတည်းသတ်တဲ့  ပဋိပစ္စည်းကိုပါ ခွေးကိုက်ခံရတဲ့ အနာပတ်ပတ်လည်မှာ ထိုးပေးတယ်လို့သိရပါတယ်။

 

ဒါကြောင့် ခွေးကိုက်ခံရတာနဲ့တစ်ပြိုင်နက်  အချိန်မီလာကုသမှုခံယူမှသာ ခွေးရူးပြန်ရောဂါကြောင့် အသက်သေဆုံးမှုတွေကို ကာကွယ်နိုင်မှာဖြစ်တယ်လို့သိရပါတယ်။

 

#voiceofmyanmar  #ခွေးရူးပြန်ရောဂါ #ခွေးလေခွေးလွင့်

Related posts

Leave a Comment

VOM News

FREE
VIEW