အမဲစိမ်း ဆက်တဲ့ ပြည်မြို့စောင့် ကန်တော်သခင်မောင်နှမ ကန်တော့ပွဲ

ဇွန်လ ၁၅ ရက်

လမင်း (VOM)

 

သရေခေတ္တရာမင်းဆက် ဒုတ္တဘောင်ဘုရင်သတ်မှတ်ခဲ့တဲ့ ပြည်မြို့စောင့် ကန်တော်သခင်မောင်နှမရဲ့ နယုန်လ ကန်တော့ပွဲကို ဇွန်လ ၁၅ ရက်နေ့ကစပြီး ပြည်မြို့က ကန်တော်သခင်မနတ်နန်း မှာပြုလုပ်နေကြပါတယ် ။

 

“ဒွတ္တဘောင်ဘုရင်လက်ထက်က စရမှာပေါ့ ဒွတ္တဘောင်ဘုရင် သတ်မှတ်ခဲ့တဲ့ နယုန်လဆန်းကနေ နယုန်လပြည့်ကျော်တဲ့ အထိကို ဒီသခင်ကြီးနဲ့သခင်မကြီး အကိုတော်ဘုရားနဲ့ အမတော်ဘုရားကို သရက်သီးမှည့်နဲ့ ဆီထမင်းစားတော်စာကို ဒွတ္တဘောင်မင်းကိုယ်တိုင် နန်းသူနန်းသားတွေနဲ့ ဆက်လာပြီးတော့ ခေတ်အဆက်ဆက်က လုပ်လာတာဖြစ်လို့ ၇ ရက် သားသမီးအပေါင်း ပြည်မြို့သူမြို့သားအပေါင်း ဘေးအန္တရာယ်ကင်းရှင်းစေဖို့ ရည်ရွယ်ပြီး ဒီကနားပွဲကို စုပေါင်းပြီးတော့ ကန်တော့ကြတာပေါ့ ” ဟု နန်းထိန်းမိသားစုဝင်ဖြစ်တဲ့ ကိုညီက ပွဲတော်ဖြစ်ပေါ်လာရတဲ့အကြောင်းကို ရှင်းပြပါတယ် ။

 

ဒွတ္တဘောင်မင်း လက်ထက်ကတည်းက ကန်တော့ပွဲ မှာ ဆီထမင်းနဲ့ သရက်သီးမှည့်ကို အထူးပြု တင်လှူ ပူဇော်ပြီး အမဲသားအစိမ်းကိုပါ စားတော်စာအဖြစ် ဆက်တဲ့ ဓလေ့ကြောင့် အခုချိန်အထိ ဒီအမည် သုံးမျိုးနဲ့ ကန်တော့ပွဲတင်ကြတယ်လို့ ဆိုပါတယ်။

 

ပွဲတော်လာသူတွေဟာ ကန်တော့ပွဲနဲ့ ဆုတောင်း အဓိဌာန်ပြုကြပြီး သူတို့ ဆုတောင်းအဓိဌာန်တွေ ပြည့်တယ်လို့ ယုံကြည်ကြတာကြောင့် နှစ်စဉ် လာပြီး ကန်တော့ပွဲ ပေးကြတယ်လို့ သူက ရှင်းပြပါတယ်။

 

အမဲသားစားတော် ဆက်တဲ့ဓလေ့နဲ့ပတ်သက်ပြီး နန်းထိန်းမိသားစုဝင်ဖြစ်တဲ့ ကိုညီက “ဒွတ္တဘောင်ဘုရင် လက်ထက်တုန်းကတော့ အမဲအကောင်လိုက်ပေါ့ နောက်ပိုင်းကျတော့ မြို့မှာအမဲက ရှားရှားလာတော့ တစ်ကောင်ရဲ့ တစိတ်ပေါ့ တပေါင်ပေါ့ နောက်ကျတော့လည်း တပေါင်တပေါင်က များလာတော့ တပေါင်ရဲ့ တစိတ်က တစ်ပိဿာနဲ့အစိတ် ဆိုပြီးတော့ လာတဲ့သူတိုင်းက စားတော်စာ ဆက်ကြတယ်” လို့ရှင်းပြပါတယ် ။

ဦးစောဟြနဲ့ ဒေါ်စောဦး မောင်နှမနှစ်ယောက်ဟာ ရခိုင်ပြည်ကနေ မြန်မာပြည်ကို ရောက်လာပြီး ဒွတ္တဘောင်ဘုရင်ထံခစားနေတဲ့ သူတို့အဖေဖြစ်သူ အမတ်ကြီးဦးဖြူကို လိုက်ရှာခဲ့ပါတယ်။ ယခုလက်ရှိ ရွာဘဲနယ်မြေ၊ မြကန်သာရပ်ကွက်မှာရှိတဲ့ ကန်ကိုတူးနေတဲ့အချိန်နဲ့ တိုက်ဆိုင်စွာ မောင်နှမနှစ်ယောက်ကို တွေ့လို့ ကန်အတွက် စတေးခံခဲ့ရလို့ နတ်ဖြစ်ခဲ့တယ်လို့ သိရပါတယ် ။

 

“ကန်တော်သခင်မကြီး သခင်ကြီးပွဲကို ဒီလိုအချိန်ဆို အမြဲတမ်းလုပ်နေကြလေ အနယ်အရပ်ရပ်က နတ်ကတော်တွေ အမြဲတမ်းလာပြီး ကန်တော့ကြတယ် ရိုးရာလိုဖြစ်နေလို့လေ။ ကျွန်တော်ဆို နှစ်လုံးအတိတ်တွေ တောင်းတယ်ပေါ့ သူပေးတယ် နှစ်လုံး သုံးထောင်ဖိုးပေါက်တယ် ချဲလဲဘဲ နှစ်ထောင်ဖိုးလောက်ပေါက်တယ် သူ့အကုန်ပြန်ပြီးတော့ ကန်တော့လိုက်တယ် ” ဟု ကန်တော့ပွဲလာတဲ့ အလှဖန်တီးရှင် မနန်းစုကဟြေပါတယ် ။

 

ကန်တော်သခင်ကြီး၊ သခင်မကြီးပွဲတော်ကို ပြည်မြို့က သခင်မနတ်နန်းမှာ နယုန်လဆန်း ၈ ရက်နေ့ကနေ နယုန်လပြည့်ကျော် ၃ ရက်နေ့အထိ ကျင်းပလေ့ ရှိပါတယ်။

 

အမဲစိမ်း ဆက်တဲ့ ပြည်မြို့စောင့် ကန်တော်မောင်နှမ ကန်တော့ပွဲ

 

Related posts

Leave a Comment

VOM News

FREE
VIEW