စိုက်ပျိုးရေးသုံး ပိုးသတ်ဆေးဆိုင်ရာ သုတေသနစစ်တမ်း ကောက်ယူမှုလုပ်ငန်းတွေ မန္တလေးတိုင်းက မြို့နယ်ငါးခုမှာ စတင်လုပ်ဆောင်

မန္တလေး၊ ဇွန် ၁၇ – ၂၀၁၉

နေခ(VOM)

 

စိုက်ပျိုးရေးသုံး ပိုးသတ်ဆေးဆိုင်ရာ အသိပညာနဲ့ပတ်သက်လို့ တောင်သူတွေရဲ့သိရှိနားလည်မှု သုတေသန စစ်တမ်းတစ်ရပ် ရရှိနိုင်ဖို့အတွက် မန္တလေးတိုင်းအတွင်းက မြို့နယ်ငါးခုမှာ စစ်တမ်းကောက်ယူမှုတွေကို စတင်လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။

 

အဲဒီစစ်တမ်းကို ဇွန်လ ၁၃ ရက်က စတင်ကောက်ယူနေတာဖြစ်ပြီး  မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဦးဆောင်မှုနဲ့ဆောင်ရွက်နေတာပါ။ စစ်တမ်းအတွက် လိုအပ်တဲ့ နည်းပညာ၊ လူအင်အားတွေကိုတော့ ကနောင် အင်စတီကျူ့က ပံ့ပိုးကူညီနေတာလို့ သိရပါတယ်။

 

“ပိုးသတ်ဆေး သုံးစွဲသူ ပြည်သူတွေကို အကာအကွယ်ပေးတဲ့ ဥပဒေတစ်ရပ် ပေါ်ပေါက်ဖို့။ အဲဒီလို ဥပဒေတွေရေးဆွဲတဲ့အခါ ပြည်သူတွေ အသံ ပါဝင်လာဖို့ရည်ရွယ်ပါတယ်။” လို့ ကနောင် အင်စတီကျူ့ အမှုဆောင် ဒါရိုက်တာ ဦးသန်းမြတ်စိုးက ပြောပါတယ်။

 

မန္တလေးမြို့တွင်းဧရိယာဖြစ်တဲ့ အောင်မြေသာစံ၊ ချမ်းအေးသာစံ၊ မဟာအောင်မြေ၊ ချမ်းမြသာစည်နဲ့ ပြည်ကြီးတံခွန်မြို့နယ်တို့ကလွဲလို့ မန္တလေးတိုင်းအတွင်းက အခြားမြို့နယ် ၂၃ ခုမှာ စစ်တမ်းကောက်ယူသွားမှာ ဖြစ်ပါတယ်။ တစ်မြို့နယ်ကို ကျေးရွာ ၄ ရွာနှုန်းနဲ့ စုစုပေါင်း ၉၆ ရွာကို စစ်တမ်း ကောက်ယူသွားမှာဖြစ်ပြီး ကနဦးကောက်ယူမှုအဖြစ် ကျောက်ဆည်၊ ပြင်ဦးလွင်၊ မြင်းခြံ၊ မလှိုင်နဲ့မတ္တရာမြို့နယ်တွေ အတွင်းက ကျေးရွာအချို့မှာ အဖွဲ့ဝင် ၂၀ ကျော်နဲ့ ကောက်ယူနေပြီလို့ ကနောင် အင်စတီကျူ့က  သိရပါတယ်။

 

ပိုးသတ်ဆေးသုံးစွဲတဲ့ တောင်သူတွေအတွက် အကာအကွယ်ပေးနိုင်မဲ့ အစီအစဉ် တစ်ခုခု(သို့မဟုတ်) ဥပေဒကြမ်းတွေ ပြင်ဆင်ရေးဆွဲတဲ့အခါ အထောက်အပံ့ ရရှိစေဖို့ တောင်သူတွေရဲ့ပိုးသက်ဆေး သုံးစွဲ၊ သိုလှောင်၊ သီးနှံ ထုတ်လုပ်ရောင်းချမှုဆိုင်ရာ သိရှိနားလည်မှု အချက်အလက်တွေကို စာရင်း ကောက်ယူတာဖြစ်တယ်လို့  မန္တလေးတိုင်းလွှတ်တော် စာကြည့်တိုက်နဲ့သုတေသနဆိုင်ရာကော်မတီ(ယာယီ) ဥက္ကဌ ဒေါက်တာ ခွန်ကျော်ဦးက  ပြောပါတယ်။

 

“ဥပဒေက ပြဌာန်းပြီး ဖြစ်ပေမယ့် တောင်သူများကို အကာအကွယ်ပေးနိုင်တဲ့ အပိုင်းအားနည်းတယ်။ တိုင်းအဆင့်မှာ ဒါနဲ့ပတ်သက်ပြီး တင်ခွင့်မရှိရင်လည်း ပြည်ထောင်စုအဆင့်မှာ ဒါနဲ့ပတ်သက်ပြီး လုပ်နေတဲ့ ဥပဒေတွေကို အထောက်အပံ့ဖြစ်စေဖို့ စစ်တမ်းကောက်တာပါ။”လို့ ဒေါက်တာ ခွန်ကျော်ဦးက  ဆိုပါတယ်။

 

#voiceofmyanmar # စိုက်ပျိုးရေးသုံးပိုးသတ်ဆေးဆိုင်ရာသုတေသနစစ်တမ်းကောက်ယူမှုလုပ်ငန်းတွေ မန္တလေးတိုင်းမှာလုပ်ဆောင်  # မန္တလေး

Related posts

Leave a Comment

VOM News

FREE
VIEW