အသက် ၁၂ နှစ်အရွယ် မိန်းကလေးကို အဓမ္မပြုကျင့်ခဲ့သူကို ထောင်ဒဏ် နှစ်နှစ်ဆယ် အမိန့်ချ

မိုးညို၊ ဇွန်​ ၁၇ – ၂၀၁၉

မိုးယံ (VOM)

 

ပဲခူးတိုင်းအတွင်း ပြီးခဲ့တဲ့ဇန်နဝါရီလက ဖြစ်ပေါ်ခဲ့တဲ့ သက်ငယ်မုဒိမ်းမှုမှာ ပြစ်မှုကျူးလွန်ခဲ့သူကို ထောင်ဒဏ်နှစ်နှစ်ဆယ်ကျခံဖို့ သာယာဝတီခရိုင်တရားရုံးကနေ မနေ့ ဇွန် ၁၆ ရက်က အမိန့်ချမှတ်လိုက်ပါတယ်။

 

ပဲခူးတိုင်း မိုးညိုမြို့နယ် ဆင်​မနိုင်​အုပ်​စု ကျွန်းထိတ်​​ကျေးရွာမှာ ဇန်နဝါရီလက အိမ်​နီးချင်းဖြစ်​သူ ဖိုးလူအေးဆိုသူဟာ အသက်​ ၁၂ နှစ်​အရွယ် မိန်းကလေးကို သားမယားအဖြစ်​ ပြုကျင့်​ခဲ့တဲ့အတွက်​ အခုလို အမြင့်ဆုံးပြစ်ဒဏ်ကျခံဖို့ အမိန့်ချမှတ်ခံခဲ့ရတာလို့ အမှုကို လိုက်​ပါ​ဆောင်​ရွက်​​ပေး​နေတဲ့ တရားလွှတ်​​တော်​​ရှေ့​နေ ဒေါ်ယဉ်​ယဉ်​ကေ​ပြာပါတယ်​။

 

“ကျမသမီးလေးကတော့ ရှက်တယ်ဆိုပြီး ကျောင်းမတက်တော့ပါဘူး။ ကျမတို့လည်းရွာမှာ မနေချင်တာနဲ့ တခြားရွာကိုပြောင်းရွေ့နေပါတယ်။ သမီးလေးကိုကြည့်ပြီး အရမ်းခံစားခဲ့ရပါတယ်။ မအိပ်နိုင်၊ မစားနိုင်နဲ့ ဈေးရောင်းတော့လည်း အယောင်ယောင် အမှားမှားနဲ့ပါ။ အခုလို တရားရုံးက ထိုက်သင့်တဲ့ပြစ်ဒဏ်ချပေးတာ ကျေနပ်ပါတယ်။ ကျမလို သမီးမွေးထားတဲ့ မိခင်တွေ ဘယ်သူ့ကိုမှ မယုံကြည်ကြပါနဲ့။” လို့ မိခင်ဖြစ်သူ ဒေါ်သင်းသင်းလဲ့က ဆိုပါတယ်။

 

ပြစ်မှုကျူးလွန်ခံရတဲ့ အဲဒီမိန်းခကလေးဟာ အရင်က ဆင်မနိုင်ကျောင်းမှာ Grade 6 တက်ရောက်နေတာဖြစ်ပေမယ့် အခုအချိန်မှာတော့ ရှက်ကြောက်လို့ဆိုပြီး ကျောင်းဆက်မတက်တော့ဘူးလို့ သိရပါတယ်။

 

မိန်းကလေးရဲ့မိဘ​တွေဟာ ​ဈေးသည်​​တွေဖြစ်​ပြီး မိဘ​တွေ ​ဈေး​ရောင်းသွား​နေချိန်​မှာ အသက် ၁၂နှစ်အရွယ်နဲ့ အသက် ၇ နှစ်အရွယ် သမီးနှစ်ယောက်တည်း အိမ်မှာရှိနေတဲ့အချိန် အိမ်နီးချင်း ဖိုးလူအေးဆိုသူက အခုလို ပြစ်မှုကျူးလွန်ခဲ့တာကို သမီးငယ်က တွေ့မြင်ပြီးပြောပြရာက မိုးညိုမြို့ရဲစခန်းမှာ (ပ)၃/၂၀၁၉ ပုဒ်မ ၃၇၆ နဲ့ အမှုဖွင့်ခဲ့ခြင်းဖြစ်တယ်လို့ မိသားစုဝင်တွေဆီက သိရပါတယ်။

 

#voiceofmyanmar # အသက် ၁၂ နှစ်အရွယ်မိန်းကလေးကိုအဓမ္မပြုကျင့်ခဲ့သူကို ထောင်ဒဏ် နှစ်နှစ်ဆယ် အမိန့်ချ#ပဲခူး #သာယာဝတီ #မိုးညို

Related posts

Leave a Comment

VOM News

FREE
VIEW