စင်းဘောကိုင်း စစ်ဘေးရှောင်စခန်း ရေနစ်မြုပ်မှာကို စိုးရိမ်နေရ

မြောက်ဦး၊ ဇွန် ၁၇-၂၀၁၉

ခိုင်လင်းစံ(VOM)

 

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ် အရှေ့ဘက် လေးမြို့မြစ်အထက်ပိုင်း ၇ မိုင်ခန့်အကွာမှာ တည်ရှိနေတဲ့ စင်းဘောကိုင်း စစ်ဘေးရှောင် ကယ်ဆယ်ရေးခစန်းဟာ မိုးဆက်လက်ရွာသွန်းပါက ရေနစ်မြုပ်သွားနိုင်တဲ့ အခြေအနေရှိနေပြီး နေရေးထိုင်ရေးအတွက် အခက်အခဲနဲ့ ရင်ဆိုင်နေကြရတာ ဖြစ်ပါတယ်။

 

“စစ်ဘေးရှောင်တွေနေတဲ့ ယာယီတဲတွေရဲ့ တိုင်ခြေရင်းထိ မြစ်ရေတက်နေပြီ ဖြစ်ပါတယ်။ ပိုပြီးတော့စိုးရိမ်ရတာက မြစ်အထက်ပိုင်းမှာ မိုးရွာလို့ရှိရင် ရေကပိုပြီးတော့ ပြည့်လာနိုင်တယ်။ အဲ့ဒီသဲပြင်ကြီးကို ရေဖုံးလွှမ်းသွားမှာ ဖြစ်ပါတယ်။ အဲ့ဒီလို ဖြစ်လာခဲ့လို့ရှိရင် ဒီစခန်းမှာနေထိုင်တဲ့ သက်ကြီးပိုင်းတွေ၊ မသန်စွမ်းတွေ၊ ကိုယ်ဝန်ဆောင်တွေနဲ့ ကလေးတွေအတွက် စိုးရိမ်ရပါတယ်။”လို့ စခန်းတာဝန်ခံ မြတန်ဆောင်းဆရာတော်က မိန့်ပါတယ်။

 

အဲ့ဒီစခန်းဟာ စင်းဘောကိုင်းကျေးရွာရဲ့ အရှေ့ဘက် လေးမြို့မြစ်ထဲက သဲသောင်ပြင်ပေါ်မှာ ယာယီဆောက်လုပ်ထားတာ ဖြစ်ပြီးတော့ အိမ်ခြေ ၄၄၀၊ လူဦးရေ ထောင်ကျော်ရှိတဲ့ ကယ်ဆယ်ရေးစခန်းတစ်ခု ဖြစ်ပါတယ်။

 

လေးမြို့မြစ်အထက်ပိုင်း မော်ရွာဟောင်းနဲ့ ဘုရားကြီးရွာတို့အကြားမှာ မြန်မာ့တပ်မတော်နဲ့ AA လက်နက်ကိုင်အဖွဲ့တို့ တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့အတွက် ကျေးရွာအနီး လက်နက်ကြီးကျည် ကျရောက်မှုတွေရှိတာကြောင့် ထောင်နဲ့ချီတဲ့ဒေသခံတွေဟာ စင်းဘောကိုင်း စစ်ဘေးရှောင် ကယ်ဆယ်ရေးခစန်းကို ထွက်ပြေးခိုလှုံနေကြရတာ ဖြစ်ပါတယ်။

 

လေးမြို့မြစ်ရေဟာ မိုးတွင်းကာလမှာ နှစ်စဉ် ၁၀ ပေခန့်အထိ မြစ်ရေမြင့်တက်လေ့ရှိပြီးတော့ မြစ်ရေကြီးမှုလျင်မြန်တဲ့အတွက် အဲ့ဒီမြစ်ကမ်းနံဘေးမှာ နေထိုင်နေကြရတဲ့ စစ်ဘေးရှောင်တွေအတွက် အထူးစိုးရိမ်နေကြရတာ ဖြစ်ပါတယ်။

 

“အခုက မိုးရွာမှာကို ကြောက်နေရတယ်။ မြစ်ရေပြည့်လာလို့ရှိရင် တော်တော်လေးဒုက္ခရောက်ကြမှာပါ။ ဒါကြောင့် စခန်းကို တခြားနေရာတစ်ခုကို ပြောင်းရွှေ့ဖို့အတွက် အရေးတကြီးလိုအပ်နေပါတယ်။”လို့ ဆရာတော်က မိန့်ပါတယ်။

 

အဲ့ဒီစခန်းကို အခိုင်အမာတည်ဆောက်ဖို့ရာ ICRC က အကူအညီပေးဖို့ သဘောတူထားရှိခဲ့ပေမယ့် ရခိုင်ပြည်နယ်အစိုးရက စစ်ဘေးရှောင်တွေကို ကူညီခွင့်မပြုတဲ့အတွက် အခုလိုယာယီတဲအိမ်တွေနဲ့ မြစ်ကမ်းနံဘေးမှာ နေထိုင်နေကြရတာဖြစ်တယ်လို့ မြတန်ဆောင်းဆရာတော်က မိန့်ပါတယ်။

 

#voiceofmyanmar # စင်းဘောကိုင်းစစ်ဘေးရှောင်စခန်းရေနစ်မြုပ်မှာကိုစိုးရိမ်နေရ  # ရခိုင် # မြောက်ဦး

Related posts

Leave a Comment

VOM News

FREE
VIEW