မှော်​ဘီမြို့နယ်​မှာ ဟုမ်းစွမ်​ အထည်​ချုပ်​စက်​ရုံ အလိုမရှိဆိုပြီး ဆန္ဒထုတ်​​ဖော်

မှော်​ဘီ၊ ဇွန်​ – ၁၈ – ၂၀၁၉

မိုးယံ(VOM)

 

ရန်​ကုန်​တိုင်း ​မှော်​ဘီမြို့နယ်​ ဘန့်​​ဘွေးကုန်း​အုပ်​စု ဘုရားလေးကျေးရွာမှာ ဒီ​နေ့ မနက်​က ဟုမ်းစွမ်​ အထည်​ချုပ်​စက်​ရုံ အလိုမရှိဆိုပြီး ဒေသခံပြည်သူ တစ်ရာဝန်းကျင်က ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

 

“တည်ဆောက်စဉ်က ဘုရားလေးကျေးရွာပိုင်လမ်းကို အသုံးပြုပြီး တည်ဆောက်ခဲ့လို့ အညစ်အကြေးတွေနဲ့ လမ်းပျက်စီးနေပါတယ်။ ရွာသူ၊ ရွာသားတွေ ကျောင်းသူ၊ ကျောင်းသားတွေလည်း သွားလာရခက်ခဲနေလို့ ပြန်လည်ပြုပြင်ပေးဖို့ သက်ဆိုင်ရာ အုပ်ချုပ်ရေးပိုင်းတွေကို အဆင့်ဆင့်တောင်းဆိုခဲ့ပေမယ့် မရရှိတဲ့အတွက် အခုလို ဆန္ဒထုတ်ဖော်ရတာပါ။” လို့ ဆန္ဒထုတ်ဖော်ပွဲမှာ ပါဝင်သူ ဒေါ်ဝင်းက ပြောပါတယ်။

 

ကျေးရွာလမ်းကို ပျက်​စီး​စေတဲ့ စက်​ရုံ အလိုမရှိ၊ အ​ပြောနဲ့အလုပ်​မညီတဲ့ စက်​ရုံ  အလိုမရှိ၊ (၂၄)နာရီ ဆူညံနေတဲ့ (ဟုမ်းစွမ်) အထည်ချုပ်စက်ရုံ  အလိုမရှိ ဆိုတဲ့စာသားပါဗီနိုင်းတွေ ကိုင်ဆောင်ပြီး ကြွေး​ကြော်​သံ ​တွေနဲ့ ဆန္ဒထုတ်​​ဖော်​ခဲ့ကြတာပါ။

 

စက်ရုံကအသုံးပြုနေတဲ့ ဘုရားလမ်းကျေးရွာက အဲဒီလမ်းကို ဒေသခံတွေ ကိုယ်ထူကိုယ်ထဖောက်လုပ်ခဲ့ကြတာလို့ သိရပါတယ်။ လမ်းအရှည်ဟာ ပေ ၈၅၀ ရှိပြီး မှော်ဘီမြို့ အမှတ် ၁ ရပ်ကွက်နဲ့ ကျေးရွာချင်းဆက်လမ်း ဖြစ်တယ်လို့ ဆိုပါတယ်။

 

အဲဒီ ဆန္ဒထုတ်ဖော်မှုနဲ့ ပတ်သက်ပြီး ခုညနေပိုင်းမှာတော့ ဟုမ်းစွမ် အထည်ချုပ်စက်ရုံ တာဝန်ရှိသူတစ်ဦးက “ဦး​ဆောင်​ဆန္ဒပြသူ​တွေနဲ့ စက်​ရုံက တာဝန်​ရှိသူ​တွေ အုပ်​ချုပ်​​ရေးမှူးရုံးမှာ ​တွေ့ဆုံညှိနှိုင်းကြပါတယ်​။ ကွန်​ကရစ်​ လမ်းပြုလုပ်​​ပေးဖို့အတွက်​ ကျနော်တို့ စက်​ရုံပိုင်​ရှင်​ကို​ ပြောပြီးအ​ကြောင်းပြန်​​ပေးမှာပါ။” လို့ ပြောပါတယ်​။

 

ဟုမ်းစွမ် အထည်ချုပ်စက်ရုံကို ၂၀၁၈ ခုနှစ်က တည်ဆောက်ခဲ့တာဖြစ်ပြီး စက်ရုံဝန်ထမ်း ၅၀၀ ကျော်နဲ့ လည်ပတ်နေတယ်လို့ သိရပါတယ်။

 

#voiceofmyanmar # မှော်ဘီမြို့နယ်မှာဟုမ်းစွမ်အထည်ချုပ်စက်ရုံအလိုမရှိဆိုပြီးဆန္ဒထုတ်ဖော်  #ရန်ကုန် #မှော်ဘီ

Related posts

Leave a Comment

VOM News

FREE
VIEW