အမေရိကန်ရဲ့ ခြိမ်းခြောက်မှုမှန်သမျှ အခိုင်အမာတုံ့ပြန်သွားမယ်လို့ အီရန်သတိပေး

တီဟီရန်၊ ဇွန်-၂၂-၂၀၁၉

မျိုးဆက် (VOM)

 

အမေရိကန်ရဲ့ မောင်းသူမဲ့လေယာဉ်တစ်စင်းကို အီရန်က ပစ်ချလိုက်လို့ နှစ်နိုင်ငံအကြား တင်းမာမှုတွေ မြင့်တက်နေချိန်မှာ အမေရိကန်ရဲ့ ခြိမ်းခြောက်မှုမှန်သမျှကို အခိုင်အမာတုံ့ပြန်သွားမယ်လို့ အီရန်နိုင်ငံက ဇွန် ၂၂ ရက်မှာ သတိပေးပြောဆိုလိုက်ပါတယ်။

 

အီရန်ဟာ အမေရိကန်ရဲ့ Global Hawk မောင်းသူမဲ့ ထောက်လှမ်းရေး လေယာဉ်တစ်စင်းကို ဇွန် ၂၀ ရက်က ပစ်ချခဲ့တာဖြစ်ပါတယ်။ ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး သူ့ရဲ့လေပိုင်နက်ထဲကို လေယာဉ်ဝင်ရောက်လာ တာဖြစ်တယ်လို့ အီရန်က ပြောဆိုထားပေမယ့် အမေရိကန်ကတော့ နိုင်ငံတကာလေပိုင်နက်ထဲမှာ ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

 

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး အီရန်အပေါ် စစ်ရေးအရလက်တုံ့ပြန်ဖို့ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ခွင့်ပြုပြီးမှ စစ်ဆင်ရေးစတင်ဖို့ ဆယ်မိနစ်အလိုမှာ ပြန်လည်ရုပ်သိမ်းခဲ့ကာ အီရန်နဲ့ တွေ့ဆုံဆွေးနွေးရေး လမ်းဖွင့်ထားတဲ့ လက္ခဏာပြခဲ့ပါတယ်။ အီရန်ကတော့ သူ့နိုင်ငံရဲ့ နယ်နိမိတ်ကို ကာကွယ်သွားမယ်လို့ ကတိပြုထားပါတယ်။

 

အမေရိကန်တာဝန်ရှိသူတွေက ဘယ်လိုဆုံးဖြတ်ချက်မျိုး ချသည်ဖြစ်ပါစေ အီရန်ရဲ့ ဘယ်လိုနယ်နိမိတ်ကိုမဆို ချိုးဖောက်လာတာကို ခွင့်ပြုသွားမှာမဟုတ်ဘဲ အမေရိကန်ရဲ့ ကျူးကျော်တာ ဒါမှမဟုတ် ခြိမ်းခြောက်တာတွေကို အခိုင်အမာ ထိပ်တိုက်ရင်ဆိုင်သွားမယ်လို့ အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Abbas Mousavi က ပြောပါတယ်။

 

သမ္မတထရန့်က အီရန်နဲ့ စစ်ဖြစ်ဖို့ ဆန္ဒမရှိဘူးလို့ ပြောဆိုထားပေမယ့်လည်း အမေရိကန်နဲ့ အီရန်တို့အကြား ထိပ်တိုက်ရင်ဆိုင်မှုတွေနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်မှုတွေ မြင့်တက်နေပါတယ်။ အီရန်ကလည်း စစ်ဖြစ်ဖို့ လုပ်ဆောင်နေတာမရှိပေမယ့်လည်း အမေရိကန်က တိုက်ခိုက်လိုက်လာရင်တော့ ပြန်လည်တုံ့ပြန်သွားမယ်လို့ သတိပေးထားပါတယ်။

Ref & Photo : Reuters

 

#voiceofmyanmar # အမေရိကန်ရဲ့ခြိမ်းခြောက်မှုမှန်သမျှအခိုင်အမာတုံ့ပြန်သွားမယ် #အီရန် #တီဟီရန် # အမေရိကန်

Related posts

Leave a Comment

VOM News

FREE
VIEW