အင်တာနက်ဝန်ဆောင်မှုတွေ ရပ်ဆိုင်းလိုက်တဲ့အတွက် အများပြည်သူ အခက်အခဲဖြစ်

စစ်တွေ၊ ဇွန် ၂၂-၂၀၁၉

ခိုင်လင်းစံ (VOM)

 

ရခိုင်ပြည်နယ်အတွင်းက မြို့နယ်တချို့မှာ အသုံးပြုနေတဲ့ မိုဘိုင်းတယ်လီဖုန်း အင်တာနက်ကွန်ရက်တွေကို ဇွန်လ ၂၀ ရက် ညနေပိုင်းကစလို့ ယာယီဖြတ်တောက်ထားတာ ဖြစ်ပါတယ်။

 

အဲ့ဒီ တယ်လီဖုန်းလိုင်းတွေကတော့ MPT/Telenor/ ooredoo လိုင်းဖြစ်ပြီး အဓက ကတော့ မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ မြေပုံ၊ ဘူးသီးတောင်၊ မောင်တောစတဲ့ မြို့နယ်တွေမှာ ဖြတ်တောက်ထားတာဖြစ်ပြီး ဖုန်းပြောတာတစ်ခုတည်းကိုပဲ အသုံးပြုနေကြရတာ ဖြစ်ပါတယ်။

 

“အင်တာနက်လိုင်းတွေကို ဖြတ်ထားတာကတော့ မြောက်ဦးမြို့မှာ MPT ကသုံးရက်လောက်ရှိပြီ။ ဒီကနေ့ မနက်ပိုင်းမှာတော့ Telenor က Massage ပို့လာပါတယ်။ ဆက်သွယ်ရေးဝန်ကြီးဌာက ဖြတ်ခိုင်းတဲ့အတွက် ယာယီဖြတ်တောက်ထားရတယ်လို့ သိရပါတယ်။”လို့ မြောက်ဦးမြို့မှာ နေထိုင်တဲ့ ဦးစံမောင်သန်းက ပြောပါတယ်။

 

အခုလိုမျိုး အင်တာနက်ဝန်ဆောင်မှုတွေကို ဖြတ်တောက်ထားတဲ့အတွက် အင်တာနက်အသုံးပြုနေကြတဲ့ စီးပွားရေး လုပ်ငန်းတွေနဲ့ သုံးစွဲသူတွေအတွက် အခက်အခဲတွေရှိနေတာ ဖြစ်ပါတယ်။

 

“အခုလို လိုင်းတွေကို ဖြတ်ထားတော့ အင်တာနက်လိုင်းတွေကို အခြေခံပြီးတော့ လုပ်ကိုင်ကြတဲ့ စီးပွားရေးလုပ်ငန်းတွေ ရှိတယ်။ အဲ့ဒီအတွက် တော်တော်လေးကို အခက်အခဲဖြစ်သွားကြပါတယ်။ ဥပမာ မြောက်ဦးမှာ ကမ္ဘာ့ရတနာဘဏ်နဲ့ KBZ ပဲရှိတာ။ KBZ ဘဏ်က ပိတ်ထားတာ နှစ်လကျော်ပြီ။ ဒါကြောင့် အင်တာနက်အသုံးပြုတဲ့ ငွေလွှဲလုပ်ငန်းတွေကိုပဲ အဓိကအားကိုးနေရတာပါ။ အခု လိုင်းဖြတ်လိုက်တော့ အရေးပေါ် ငွေအလွှဲအပြောင်းလုပ်မယ့်သူတွေကအစ အဆင်ပြေတော့ဘူးပေါ့။”လို့ ဦးစံမောင်သန်းက ပြောပါတယ်။

 

ဒါ့အပြင် တယ်လီဖုန်းဌာနတွေအနေနဲ့ အခုလိုမျိုး အများပြည်သူတွေ အသုံးပြုနေကြတဲ့ လိုင်းတွေကို ဖြတ်တောက်မယ်ဆိုလို့ရှိရင်လည်း ကြိုတင်အသိပေးအကြောင်းကြားတာတွေ လုပ်သင့်တယ်လို့ မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က ပြောပါတယ်။

 

“အခုဟာက ကျနော်တို့ သုံးစွဲသူတွေအနေနဲ့ ဘာမှမသိရဘူး။ MPT ကလည်း ဖြတ်ထားတာ သုံးရက်ရှိနေပြီ။ ဘာကြောင့်ဖြတ်တယ်ဆိုတာကို မပြောဘူး။ ကျနော်တို့ လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့တောင်မှ အင်တာနက်နဲ့လိုင်းတွေကို အသုံးပြုပြီး ပြည်သူတွေနဲ့ အဆက်အသွယ်လုပ်နေရတာတွေ အခက်အခဲ ဖြစ်သွားတယ်။ ဒါကြောင့် ဖြတ်မယ်ဆိုလည်း ကြိုတင်ပြောဖို့ လိုအပ်ပါတယ်။”လို့ ဦးထွန်းသာစိန်က ပြောပါတယ်။

 

အခုလိုမျိုး အင်တာနက်နဲ့ ဝန်ဆောင်မှုလိုင်းတွေကို ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်အတွင်းမှာ အများပြည်သူလုံခြုံရေးအတွက် ဖြတ်တောက်ထားတာဖြစ်တယ်လို့ သတင်းဖော်ပြချက်တွေအရ သိရပြီး ရခိုင်ပြည်နယ်အတွင်းမှာတော့ မြန်မာ့တပ်မတော်နဲ့ AA လက်နက်ကိုင်အဖွဲ့တို့အကြား တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ မြို့နယ်တွေမှာ ဖြတ်တော်ထားတာ ဖြစ်ပါတယ်။

 

#voiceofmyanmar  #အင်တာနက်ဝန်ဆောင်မှုတွေရပ်ဆိုင်းလိုက်တဲ့အတွက်အများပြည်သူအခက်အခဲဖြစ်  # MPT/Telenor/ ooredoo  #တပ်မတော်နဲ့ AA တိုက်ပွဲဖြစ်နေရာတွေ# ရခိုင် #စစ်တွေ

Related posts

Leave a Comment

VOM News

FREE
VIEW