ဒေါ်လာနဲ့သာ ပေးချေခွင့်ရှိ လုပ်ငန်းတွေမှာ ကျပ်ငွေနဲ့ပါ ခွင့်ပြုဖို့လို

ရန်ကုန် ၊ဇွန် ၂၂ – ၂၀၁၉

သိဂီ င်္( VOM)

 

ဒေါ်လာနဲ့သာ ငွေပေးချေဖို့ ကန့်သတ်ထားတဲ့ လုပ်ငန်းတွေမှာ ဒေါ်လာရော မြန်မာကျပ်ငွေပါ နှစ်မျိုးလုံး ပေးချေခွင့်ပြုဖို့ လိုအပ်သလို ခရီးသွားဇုန်ဝင်ကြေးကိုလည်း မြန်မာငွေနဲ့ ပြောင်းလဲကောက်ခံသင့်တယ်လို့ ခရီးသွားလုပ်ငန်းအသိုင်းအ၀ိုင်းနဲ့ စီးပွားရေးလုပ်ငန်းရှင်တချို့က သုံးသပ်ပြောဆိုလိုက်ပါတယ်။

 

“ဒေါ်လာက ဘယ်နိုင်ငံဖြစ်ဖြစ် သုံးလို့ရတာမှန်ပါတယ်။ ဒါပေမယ့် ပြည်တွင်းမှာက တချို့လုပ်ငန်းတွေဆို ဒေါ်လာနဲ့ပဲ ပေးသွင်းမှရတယ်၊ မြန်မာကျပ်ငွေမရဘူး။ မရတော့ ငွေလဲလှယ်ရတယ် ၊ အလုပ်ရှုတ်တယ်။ ဒါကြောင့် နှစ်မျိုးလုံးသုံးလို့ရအောင် လုပ်သင့်တယ်။ ဒါမှ ပြည်တွင်းက လူတွေအတွက်လည်း အဆင်ပြေမယ်။”လို့ စီးပွားရေးလုပ်ငန်းရှင်ဖြစ်သူ ဦးဝင်းစိုးထွန်းက ဆိုပါတယ်။

 

လက်ရှိ ပြည်တွင်းမှာက 5 star အဆင့်ရှိ ဟိုတယ်ကြီးတွေ၊ တခြားနိုင်ငံခြားသား အဓိကပစ်မှတ်ထားတဲ့ ဟိုတယ်တွေ၊ ခရီးသွားဝန်ဆောင်မှုလုပ်ငန်းတွေအပြင် ပညာရေးဝန်ဆောင်မှုလုပ်ငန်းတွေမှာဆိုရင်လည်း စာမေးပွဲဝင်ကြေးတွေကို မြန်မာကျပ်ငွေနဲ့ ပေးချေလို့မရဘဲ ဒေါ်လာနဲ့သာ ငွေပေးချေရတာတွေ ရှိနေပါတယ်။

 

“ထိုင်းမှာလည်း ဘတ်၊ တရုတ်ဆို ယွမ်၊ ကိုရီးယားဆို ဝမ်ပဲအဓိကသုံးကြတယ်။ အဲ့ဒါ မျိုးဖြစ်စေချင်တယ်။ အခုတော့ ပြည်တွင်းမှာ တချို့နေရာတွေ ဒေါ်လာနဲ့ မပေးရတဲ့နေရာတွေတော့ ရှိလာပြီ။ ဇုန်ကြေးတွေကို ဗမာငွေနဲ့ ပဲပေးရရင် ကျပ်ငွေတန်ဖိုးမြင့်လာမယ်၊ exchanges လိုင်စင်ရတွေပဲ ဒေါ်လာကိုင်ခွင့်၊ လဲလှယ်ပေးခွင့် ရှိမယ်ဆိုရင်ကောင်းတာပေါ့။ အဲ့ဒီလုပ်ငန်း လုပ်တဲ့သူတွေလည်း အဆင်ပြေမယ်။ “လို့ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးသက်လွင်တိုးက ပြောပါတယ်။

 

ခုလိုဒေါ်လာနဲ့သာ ပေးချေခွင့်ပြုထားတာတွေကြောင့် ဒေါ်လာဈေး အတက်အကျ၊ မငြိမ်မသက် ဖြစ်တဲ့အခါမျိုးမှာ အခက်အခဲဖြစ်ရပြီး မြန်မာကျပ်ငွေတန်ဖိုးလည်း ကျဆင်းရတယ်လို့ သိရပါတယ်။ ဒါကြောင့် ဒေါ်လာအစား  မြန်မာကျပ်ငွေပြောင်းလဲကောက်ခံရေးအတွက် ခရီးသွားလုပ်ငန်း အသိုင်းအဝန်းက လုပ်ငန်းရှင်တွေ ၊ဧည့်လမ်းညွှန်တွေက ဆွေးနွေးမှုတွေလည်း ပြုလုပ်နေကြပါတယ်။

 

” ဒေါ်လာဈေး အတက်အကျဖြစ်တဲ့အချိန်ဆို ဇုန်ဝင်ကြေးကောက်ခံတာတွေက ခဏခဏပြောင်းလဲ တာတွေရှိတယ်။ အဲ့ဒါတွေက ဒေါ်လာဈေးဖောင်းပွတာလည်း ဖြစ်စေတယ်။ ဒါကြောင့် မြန်မာကျပ်ငွေကိုပဲ သုံးသင့်တယ်။”လို့လည်း ခရီးသွားလုပ်ငန်းရှင်ဖြစ်တဲ့ ဦးအေးကျော်က ပြောပါတယ်။

 

ဒေါ်လာက နိုင်ငံတိုင်းမှာ သုံးစွဲနိုင်တဲ့ ငွေကြေးဖြစ်ပေမယ့် နိုင်ငံတကာကိုကြည့်မယ်ဆိုရင် သုံးစွဲရတဲ့ကဏ္ဍအများစုမှာ အားလုံးက ကိုယ်ပိုင်ငွေကြေးကိုပဲ အသုံးပြုလေ့ရှိသလို ဒေါ်လာကိုင်ဆောင်လာသူတွေကလည်း  သက်ဆိုင်ရာ ငွေလဲလှယ်ရေးဌာနတွေမှာ လဲလှယ်ပြီးသာ သုံးစွဲလေ့ရှိတယ်လို့ သိရပါတယ်။

 

ဒါကြောင့် မြန်မာနိုင်ငံမှာလည်း ဒေါ်လာတစ်မျိုးတည်း ပေးချေဖို့ ကန့်သတ်ထားတာတွေအစား ဘယ်လုပ်ငန်းမဆို ဒေါ်လာရော  မြန်မာကျပ်ငွေပါ နှစ်မျိုးစလုံး အသုံးပြုနိုင်ရေး ၀ိုင်းဝန်းတိုက်တွန်းမှု ပြုလုပ်သွားဖို့ လိုအပ်တယ်လို့ ဆိုကြပါတယ်။

 

#voiceofmyanmar # ဒေါ်လာနဲ့သာပေးချေခွင့်ရှိလုပ်ငန်းတွေမှာကျပ်ငွေနဲ့ပါ ခွင့်ပြုဖို့လို #ခရီးသွားလုပ်ငန်း #ဟိုတယ်လုပ်ငန်း #စီးပွားရေးလုပ်ငန်း# ရန်ကုန်

ဓါတ်ပုံ – dollar exchange

ိdollar exchange .com

Related posts

Leave a Comment

VOM News

FREE
VIEW