ဆက်သွယ်ရေးဥပဒေအမှု နှစ်ရာပြည့်ပြီလို့ အသံအဖွဲ့ ထုတ်ပြန်

ရန်ကုန်၊ ၂၃ – ၂၀၁၉

သစ်တော်(VOM)

 

ဆက်သွယ်ရေးဥပဒေအမှု ၂၀၀ ပြည့်ပြီဖြစ်တယ်လို့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် လှုပ်ရှားမှုအဖွဲ့(အသံ)က ဒီနေ့ ဇွန် ၂၃ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

 

ဒီထုတ်ပြန်ချက်မှာတော့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို အကြီးအကျယ် အဟန့်အတားဖြစ်စေတဲ့ ဥပဒေတွေထဲက တစ်ခုဖြစ်တဲ့ ဆက်သွယ်ရေးဥပဒေနဲ့ တရားစွဲဆိုမှုတွေဟာ အခုအချိန်မှာ အမှုပေါင်း ၂၀၀ ထိရှိခဲ့ပြီး စုစုပေါင်း၂၄၆ ဦး တရားစွဲဆိုခံရတယ်လို့ ဖော်ပြထားပါတယ်။

 

အသံအဖွဲ့ရဲ့လေ့လာသုံးသပ်ချက်တွေအရ တရားစွဲဆိုခံရသူ အများစုဟာ သာမာန်ပြည်သူ၊ မီဒီယာ၊ တက်ကြွလှုပ်ရှားသူနဲ့ လူ့အခွင့်အရေးလှုပ်ရှားသူတွေ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ဆက်သွယ်ရေးဥပဒေရဲ့ အကျိုးရလဒ်ကို ပိုသိနိုင်ဖို့ အမျိုးအစားခွဲပြရာမှာ နိုင်ငံရေးအရ လွတ်လပ်စွာထုတ်ဖော်ပြောဆိုမှုကြောင့် တရားစွဲခံရတာဟာ အများဆုံးဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

 

ဒီဥပဒေနဲ့ပတ်သက်ပြီး လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် လှုပ်ရှားမှုအဖွဲ့(အသံ)ရဲ့ အမှုဆောင် ဒါရိုက်တာ ကဗျာဆရာ မောင်ဆောင်းခကို မေးမြန်းရာမှာတော့ ” ကျနော်တို့ပြန်သုံးသပ်တဲ့အခါမှာ ဥပဒေ မပြင်ရသေးခင်ကာလနဲ့ ပြင်ပြီးတဲ့ကာလဆိုပြီး ပြန်ခွဲတယ်။ ဥပဒေပြင်ဆင်ပြီးတော့လည်း အမှုတွေက ဆက်လက်ပြီးတော့ ဖြစ်ထွန်းနေတယ်၊ တရားစွဲဆိုမှုတွေရှိနေတယ်။ တပ်မတော်ဘက်ကရော၊ အစိုးရဘက်ကရော၊ လွှတ်တော်ကိုယ်စားလှယ်တွေဘက်ကရော ဒီပုဒ်မကို အသုံးပြုပြီးတော့ ပြည်သူလူထုရဲ့ လွတ်လပ်စွာ ပြောဆိုခွင့်ကို ချိုးဖောက်ပြီးတော့  ကန့်သတ်ဖို့ဆက်လက်ကြိုးစားနေတာကို သိရှိရတယ်။ ပြင်လိုက်တဲ့ ဥပဒေပြင်ဆင်ချက်ဟာ လုံလောက်တဲ့ အခြေအနေမှာ မရှိတဲ့အတွက်  နောက်တစ်ကြိမ် အမြန်ဆုံးပြန်လည်ပြင်ဆင်ဖို့ ကျနော်တို့အဖွဲ့ကနေ မီးမောင်းထိုးဖော်ပြတာ ဖြစ်ပါတယ်။” လို့ ပြောပါတယ်။

 

အသံအဖွဲ့က လေ့လာသုံးသပ်ထားတဲ့ အဲဒီအစီရင်ခံစာတွေကို သက်ဆိုင်ရာ အစိုးရ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေကို တိုက်ရိုက်ပေးပို့သွားမှာဖြစ်ပြီး ဒီဥပဒေကို ပြန်ပြီးပြင်ဆင်သုံးသပ်ပေးဖို့ တိုက်တွန်းတောင်းဆိုသွားမယ်လို့ သိရပါတယ်။

 

ဆက်သွယ်ရေးဥပဒေကို ၂၀၁၃ ခုနှစ် အောက်တိုဘာလက ပြည်ထောင်စုလွှတ်တော်မှာ ပြဌာန်းခဲ့ပြီးတော့ ဒီဥပဒေအသုံးချရမယ့် ရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံရဲ့ ဆက်သွယ်ရေးကဏ္ဍမှာ ရင်းနှီးမြှုပ်နှံထားတဲ့ ပြည်တွင်းပြည်ပ စီးပွားရေးလုပ်ငန်းတွေကို ထိန်းချူပ်နိုင်ဖို့နဲ့ နိုင်ငံရဲ့ဆက်သွယ်ရေးစနစ်တွေကို ထိန်းချူပ်နိုင်ဖို့ဖြစ်ပါတယ်။

 

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအကြိုကာလက စတင်ပြီး ဥပဒေရဲ့မူလရည်ရွယ်ချက်နဲ့ ကွဲလွဲစွာ ပြည်သူတွေရဲ့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ပိတ်ပင်တားဆီးခဲ့ပါတယ်။ အစိုးရအဖွဲ့၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ တပ်မတော်ကအစ နာမည်ကြီး အနုပညာရှင်တွေကပါ ဒီဥပဒေကို ကိုင်စွဲပြီး ပြည်သူတွေရဲ့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို အကြီးအကျယ် ချိုးဖောက်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

#voiceofmyanmar  # ဆက်သွယ်ရေးဥပဒေအမှုနှစ်ရာပြည့်ပြီလို့ အသံအဖွဲ့ထုတ်ပြန် # လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် လှုပ်ရှားမှုအဖွဲ့(အသံ) # ရန်ကုန်

Related posts

Leave a Comment

VOM News

FREE
VIEW