အာဏာသိမ်းဖို့ကြံစည်တာကို တားဆီးတဲ့ စစ်ဦးစီးချုပ် သေနတ်နဲ့ပစ်သတ်ခံရ

အဒစ္စ အဘာဘာ၊ ဇွန်-၂၃-၂၀၁၉

မျိုးဆက် (VOM)

 

အီသီယိုပီးယားနိုင်ငံရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဆီရာမက်ခွန်နမ်ဟာ အာဏာသိမ်းမှုတစ်ခုကို တားဆီးဖို့ ကြိုးစားရာမှာ သေနတ်နဲ့အပစ်ခံရပြီး သေဆုံးသွားတယ်လို့ အီသီယိုပီးယားနိုင်ငံပိုင် သတင်းဌာနက အတည်ပြုဖော်ပြပါတယ်။

 

စစ်ဦးစီးချုပ်နဲ့ အခြားတာဝန်ရှိသူတစ်ဦးတို့ဟာ နိုင်ငံမြောက်ပိုင်းမှာရှိတဲ့ အမ်ဟာရာဒေသမှာ အစိုးရကို ဆန့်ကျင်ပြီး အာဏာသိမ်းဖို့ အားထုတ်မှုတစ်ရပ်ကို တားဆီးဖို့ ကြိုးစားရာမှာ သေနတ်နဲ့အပစ်ခံရပြီး သေဆုံးသွားတာဖြစ်တယ်လို့ ၀န်ကြီးချုပ် အာဘီယာအာမက်က ပြောဆိုပြီး ဒီတိုက်ခိုက်မှုကို ပြစ်တင်ရှုတ်ချထားပါတယ်။

 

သေဆုံးသူတွေထဲမှာ အမ်ဟာရာဒေသရဲ့ အုပ်ချုပ်ရေးမှူး အန်ဘာချူးမက်ခွန်နမ်နဲ့ သူ့ရဲ့ အကြံပေးတစ်ဦးနဲ့အတူ ပါဝင်တယ်လို့ ဆိုပါတယ်။ မကြာသေးမီ နှစ်တွေအတွင်း အမ်ဟာရာနဲ့ အခြားဒေသတွေမှာ လူမျိုးရေး အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။

 

အာဏာသိမ်းဖို့ အားထုတ်မှုကို အမ်ဟာရာဒေသရဲ့ လုံခြုံရေးအကြီးအကဲ အက်စမင်နယူးဆိုင်ဂျီကြံစည်ခဲ့တာဖြစ်တယ်လို့ ၀န်ကြီးချုပ်ရုံးက စွပ်စွဲထားပြီး သူ့ကို ဖမ်းဆီးထားခြင်းရှိမရှိကိုတော့ ရှင်းရှင်းလင်းလင်း မသိရပါဘူး။

 

ဝန်ကြီးချုပ် အာဘီယာအာမက် အနေနဲ့ ပြီးခဲ့တဲ့နှစ် ရွေးကောက်ပွဲပြီးကတည်းက နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးတာတွေအပြင် နိုင်ငံရေးပါတီတွေကို တားဆီးပိတ်ပင်တာတွေကို ဖယ်ရှားပေးတာတွေနဲ့ လူ့အခွင့်အရေးချိုးဖောက်တဲ့ တာဝန်ရှိသူတွေကို အပြစ်ပေးတာတွေလုပ်ဆောင်ပြီး နိုင်ငံရေးဖိနှိပ်မှုတွေ အဆုံးသတ်ဖို့ လုပ်ဆောင်ခဲ့ပါတယ်။

 

Ref: BBC

Photo : Reuters

#voiceofmyanmar  #အာဏာသိမ်းဖို့ကြံစည်တာကိုတားဆီးတဲ့ စစ်ဦးစီးချုပ်သေနတ်နဲ့ပစ်သတ်ခံရ  # အီသီယိုပီးယား # အဒစ္စ အဘာဘာ # ဗိုလ်ချုပ်ကြီးဆီရာမက်ခွန်နမ်ဟာ

Related posts

Leave a Comment

VOM News

FREE
VIEW