ဇီးကုန်း၊ ဇွန် ၂၈ – ၂၀၁၉
မိုးယံ (VOM)
ပဲခူးတိုင်း သာယာဝတီခရိုင် ဇီးကုန်းမြို့နယ် ပြည်သူ့ဆေးရုံမှာ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ဖို့ ခြင်လောက်လန်းသေနိုင်မယ့် အဘိတ်ဆေးတွေ လိုအပ်နေတယ်လို့ အဲဒီဆေးရုံက သိရပါတယ်။
“ပြီးခဲ့တဲ့နှစ်က တိုင်းကျန်းမာရေးဦးစီးဌာနက ခြင်လောက်လန်းသေတဲ့ အဘိတ်ဆေး ၄၅ ပုံးပေးတယ်။ ကျနော်တို့ ကျန်းမာရေးဝန်ထမ်းတွေ ရွာတွေအထိဆင်းပြီး ခတ်ပေးနိုင်တယ်။ အခုနှစ်တော့ ၉ ပုံးပဲ ပေးတယ်။ တစ်မြို့လုံးအတိုင်းအတာနဲ့ဆို ဘယ်လိုမှ မလောက်ငှဘူး။”လို့ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာဇော်နိုင်ဦးက ပြောပါတယ်။
ပဲခူးတိုင်းအတွင်း သွေးလွန်တုပ်ကွေးရောဂါ အဖြစ်များဆုံးမြို့နယ်ထဲမှာ ဇီးကုန်းမြို့နယ်လည်း အပါအဝင်ဖြစ်ပြီး ဒီနှစ်မှာတော့ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားနေတဲ့ကလေး ၅ ဦးရှိပြီလို့ သိရပါတယ်။ ဒါပေမယ့် အသေအပျောက် တော့မရှိသေးဘူးလို့ သိရပါတယ်။
ဇီးကုန်းမြို့နယ်မှာ ၂၀၁၇ ခုနှစ်က သွေးလွန်တုပ်ကွေးရောဂါကြောင့် ကလေး အယောက်၂၀ ရောဂါဝေဒနာ ခံစားကြရပြီး သုံးဦးသေဆုံးခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်မှာတော့ အဘိတ်ဆေးရရှိမှုများတဲ့အတွက် ရောဂါ ဖြစ်ပွားတဲ့ကလေး ၁၀ ယောက်သာရှိခဲ့ပြီး အသေအပျောက်လည်း မရှိခဲ့ဘူးလို့ ဆေးမှတ်တမ်းတွေက သိရပါတယ်။
“ပြီးခဲ့တဲ့နှစ်က အိမ်တွေမှာ ကျန်းမားရေး ဝန်ထမ်းတွေ အဘိတ်ဆေးလိုက်ခတ်ပေးတယ်။ လိုအပ်ရင် ဆေးရုံ မှာလာယူဖို့ပြောလို့ ကျနော်တို့ ဆေးရုံမှာသွားယူကြတယ်။ အဘိတ်ဆေးက တကယ်ပဲ ခြင်လောက်လန်းတွေသေတယ်။ အခုနှစ်တော့ အိမ်တိုင်းလည်း ဆေးခတ်မပေးဘူး။ ဆေးရုံမှာ သွားတောင်းတော့လည်း မရခဲ့ဘူး။”လို့ အမှတ် ၁ ရပ်ကွက်နေ ဦးမောင်မောင်က ပြောပါတယ်။
အဘိတ်ဆေးတစ်ပုံးကို အိမ်ခြေ ၂၀၀ အတွက်အသုံးပြုနိုင်ပြီး ဇီးကုန်းမြို့နယ်မှာတော့ မြို့ပေါ်အိမ်ခြေ ၃၇၀၀ ကျော်၊ ကျေးရွာအိမ်ခြေ ၁၄၀၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။
သွေးလွန်တုပ်ကွေးရောဂါဟာ ခြင်ကိုက်တာကနေဖြစ်ပွားလေ့ရှိရာ ခြင်ကိုနှိမ်နင်းရတာထက် ခြင်လောက်လန်းကို သတ်ရတာကလွယ်ကူတဲ့အတွက် ခြင်လောက်လန်းကို သေစေနိုင်တဲ့ အဘိတ်ဆေး လိုအပ်နေတာဖြစ်ပါတယ်။ အဘိတ်ဆေး တစ်ခါခတ်ထားရင် ၆လ ခန့် ထိရောက်တယ်လို့ သိရပါတယ်။
ဇီးကုန်းမြို့နယ်အတွက် လိုအပ်တဲ့ အဘိတ်ဆေးတွေကို ကျန်းမာရေးဝန်ကြီးဌာနကို တင်ပြတောင်းခံထားပေမယ့် လတ်တလော မရရှိသေးတာကြောင့် အချို့အလှူရှင်တွေက လှူဒါန်းတာတွေတော့ ရှိတယ်လို့ သိရပါတယ်။ မနေ့ နေ့လည်ကလည်း ဇီးကုန်းမြို့ နယ် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ဥက္ကဌ ဦးမင်းမင်းထိုက်က အဘိတ်ဆေး ၅ ပုံး ဇီးကုန်းမြို့နယ် ပြည်သူ့ဆေးရုံမှာ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
#voiceofmyanmar # ဇီးကုန်းပြည်သူ့ဆေးရုံမှာအဘိတ်ဆေးလိုအပ်နေ # သွေးလွန်တုပ်ကွေးရောဂါ # ခြင်လောက်လန်းသေနိုင် # ပဲခူး #သာယာဝတီ #ဇီးကုန်း