ကိုရီးယား နှစ်နိုင်ငံနယ်စပ်က စစ်မဲ့ဇုန်မှာ ကင်ဂျုံအန်နဲ့ တွေ့ဆုံလိုတယ်လို့ ဒေါ်နယ်ထရန့် ကမ်းလှမ်း

အိုဆာကာ၊ ဇွန်-၂၉-၂၀၁၉

မျိုးဆက် (VOM)

 

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ဟာ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်နဲ့ တောင်-မြောက် ကိုရီးယားနှစ်နိုင်ငံအကြား ပိုင်းခြားထားတဲ့ စစ်မဲ့ဇုန်မှာ တွေ့ဆုံလိုတယ်လို့ ဇွန် ၂၉ ရက်မှာ ကမ်းလှမ်းလိုက်ပါတယ်။

 

ဂျပန်နိုင်ငံ အိုဆာကာမြို့မှာ ကျင်းပတဲ့ ဂျီ-၂၀ ထိပ်သီးဆွေးနွေးပွဲတက်ရောက်နေတဲ့ သမ္မတထရန့်ဟာ တောင်ကိုရီးယားနိုင်ငံကို ဇွန် ၂၉ ရက်နှောင်းပိုင်းမှာ ရောက်ရှိမှာဖြစ်ပြီး ဇွန် ၃၀ ရက်မှာ ၀ါရှင်တန်ကို ပြန်ဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။

 

ထရန့်နဲ့ ကင်ဂျုံအန်တို့ တွေ့ဆုံဖြစ်ကြမယ်ဆိုရင်တော့ သဘောတူညီချက်မရရှိဘဲ ပြီးဆုံးသွားတဲ့ ဗီယက်နမ်မှာ ကျင်းပခဲ့တဲ့ ဒုတိယအကြိမ်ထိပ်သီးဆွေးနွေးပွဲအပြီး လေးလအကြာမှာ ဖြစ်မှာဖြစ်သလို တစ်နှစ်အတွင်း သူတို့ရဲ့ သုံးကြိမ်မြောက် တွေ့ဆုံမှု ဖြစ်ပါတယ်။

 

ဒေါ်နယ်ထရန်ဟာ သူ့ရဲ့ တောင်ကိုရီးယားခရီးစဉ်မှာ ကင်ဂျုံအန်နဲ့တွေ့ဆုံဖို့ ကမ်းလှမ်းချက်ကို တွစ်တာစာမျက်နှာမှာ ရေးသားခဲ့တာ ဖြစ်ပါတယ်။ နှစ်နိုင်ငံနယ်စပ်က စစ်မဲ့ဇုန်မှာ ကင်ဂျုံအန်နဲ့ တွေ့ဆုံလိုကြောင်းနဲ့ လက်ဆွဲနှုတ်ဆက်ကာ ဟဲလိုဆိုပြီး နှုတ်ဆက်ချင်တယ်လို့ ထရန့်က ရေးသားထားပါတယ်။

 

စစ်မဲ့ဇုန်မှာ ထရန့်နဲ့ ကင်ဂျုံအန်တို့အကြား တွေ့ဆုံမှုဟာ အဓိပ္ပါယ်ရှိတဲ့ တွေ့ဆုံမှုတစ်ရပ် ဖြစ်လိမ့်မယ်လို့ မြောက်ကိုရီးယား ထိပ်တန်းတာဝန်ရှိသူတစ်ဦးက တုံ့ပြန်ပြောဆိုထားပါတယ်။

Ref & Photo : Reuters

 

#voiceofmyanmar  # ကိုရီးယားနှစ်နိုင်ငံနယ်စပ်ကစစ်မဲ့ဇုန်မှာကင်ဂျုံအန်နဲ့တွေ့ဆုံလို #ဒေါ်နယ်ထရန့် ကမ်းလှမ်း # အိုဆာကာ #

Related posts

VOM News

FREE
VIEW