ကလေးသူငယ်အခွင့်ရေးဆိုင်ရာ ဥပဒေမူကြမ်း ကန့်ကွက်ပွဲမှာ ပါတီပေါင်း ၂၆ ခု ပါဝင်

မန္တလေး၊ ဇွန် -၂၉ – ၂၀၁၉

ရဲရင့်မင်းခန့် (VOM)

မန္တလေးမှာ ဒီနေ့ ပြုလုပ်ခဲ့တဲ့ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ဥပဒေမူကြမ်းအပေါ် ကန့်ကွက်ရှုတ်ချခြင်းနဲ့ လူထုဆန္ဒဖော်ထုတ်ပွဲမှာ ပြည်ခိုင်ဖြိုးပါတီအပါအဝင် ၂၆ ပါတီလောက် ပူးပေါင်းခဲ့တယ်လို့ သိရပါတယ်။

 

“ဒီကိစ္စက အမျိုးသားရေးတစ်ခု ဖြစ်တယ်။ အဲဒီအတွက် အမျိုးသားရေးကို မထိခိုက်စေတဲ့ ဘယ်လိုပြင်ဆင်မှုမျိုးအထိ ဆောင်ရွက်ပေးပါမယ်ဆိုတဲ့ဟာမျိုး မရောက်မလာမချင်း တွန်းအားပေးတဲ့ ကန့်ကွက်ရှုတ်ချ ဆန္ဒပြပွဲတွေကို ဆက်တိုက်လုပ်သွားမှာပါ။” လို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက ပြောပါတယ်။

 

ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြုထားတဲ့ ကလေးသူငယ်ဥပဒေကြမ်းနဲ့ပတ်သက်လို့ ကန့်ကွက်နေကြတာဖြစ်ပြီး အဲဒီဆန္ဒထုတ်ဖော်ပွဲကို မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ သာယာဝတီမင်းကြီးလမ်းနဲ့ ၆၂ လမ်းဒေါင့်ရှိ ပြည်ခိုင်ဖြိုးရုံးမှာ အင်အား ၁၅၀၀ ကျော်လောက်ပါဝင်ခဲ့ကြပါတယ်။

 

” အခုလို ကလေးသူငယ်ဥပဒေနဲ့ပတ်သတ်ပြီး ရန်ကုန်မှာ အခြေစိုက် ဗဟိုဌာနရုံးချုပ်တွေမှာရှိတဲ့ ဥက္ကဌတွေ၊ အတွင်းရေးမှူးတွေကနေ ဒါက အမျိုးသားရေးတာဝန်ဖြစ်တယ်။ ဒါကို ကန့်ကွက်ကြောင်း ထုတ်သင့်တယ်ဆိုပြီး အခုလို လုပ်ဆောင်ကြတာပါ။ ဒါကလည်း ဗဟိုရဲ့မူဝါဒအတိုင်းဖြစ်ပါတယ်။ တိုင်းနဲ့ပြည်နယ်ရဲ့ မူဝါဒ မဟုတ်ပါဘူး။”လို့ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီ (မန္တလေးတိုင်း) ကော်မတီဝင် လူငယ် ဒုတာဝန်ခံ  ဦးထွန်းထွန်းဝင်းက ပြောပါတယ်။

 

ပြည်ခိုင်းဖြိုးပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီ၊ အမျိုးသားဒီမိုကရေစီပါတီအသစ်၊ အမျိုးသားတိုးတတ်ရေးပါတီ၊ ဒီမိုကရက်တစ်မြန်မာပါတီ၊ ခေတ်သစ် ပြည်သူ့ပါတီ၊ အမျိုးသားနိုင်ငံရေး မဟာမိတ်များအဖွဲ့ချုပ်ပါတီ၊ ဝံသာနုဒီမိုကရက်တစ်ပါတီ၊ ဝ ဒီမိုကရက်တစ်ပါတီ တို့အပါအဝင် ပါတီပေါင်း ၂၆ ခုက ပါဝင်ခဲ့သလို ကြေငြာချက်များလည်း ထုတ်ပြန်ခဲ့ကြပါတယ်။

 

#voiceofmyanmar ကလေးသူငယ်အခွင့်ရေးဆိုင်ရာဥပဒေမူကြမ်းကန့်ကွက်ပွဲ #ပါတီပေါင်း  ၂၆ ခုပါဝင် #   #မန္တလေး #ပြည်ကြီးတံခွန် #ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ

Related posts

Leave a Comment

VOM News

FREE
VIEW