စစ်ကိုင်းတိုင်းအတွက် ဘက်ဂျက်ငွေ အများပြည်သူနဲ့ဆိုင်တဲ့ လုပ်ငန်းအတွက်သာ အသုံးပြုမယ်

စစ်ကိုင်း၊ ဇွန် ၂၉ – ၂၀၁၉

နေသူ(VOM)

 

လာမယ့် ဘဏ္ဍာရေးနှစ်မှာ စစ်ကိုင်းတိုင်းအတွက် ခွင့်ပြုပေးခဲ့တဲ့ ဘက်ဂျက်ငွေတွေကို အများပြည်သူနဲ့ သက်ဆိုင်တဲ့ လုပ်ငန်းတွေအတွက်သာ အသုံးပြုသွားမယ်လို့ ဇွန် ၂၈ ရက်က စစ်ကိုင်းမြို့မှာ ကျင်းပခဲ့တဲ့ တိုင်းအစိုးရအဖွဲ့နဲ့ ပြည်သူလူထု တွေ့ဆုံပွဲက သိရပါတယ်။

 

“ဌာနဆိုင်ရာ အဖွဲ့အစည်းများကို စီမံ၊ဘဏ္ဍာ ဝန်ကြီးတစ်ယောက်အနေနဲ့ ဒီနှစ်(၂၀၁၉-၂၀)ကို အများပြည်သူနဲ့ မသက်ဆိုင်တဲ့ လုပ်ငန်းတွေ မလုပ်ချင်ပါဘူးလို့ ညွှန်ကြားထားပါတယ်။”လို့ စစ်ကိုင်းတိုင်း အစိုးရအဖွဲ့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဦးက ပြောပါတယ်။

 

ဒါ့အပြင် အိမ်သာ တည်ဆောက်တာ၊ ယာဉ်ယန္တရား ဝယ်ယူတာတွေ၊ ပြည်သူလူထုနဲ့ တိုက်ရိုက်အကျိုးသက်ရောက်မှု မရှိတဲ့လုပ်ငန်းတွေကို ခွင့်မပြုပါဘူးလို့ မူဝါဒချမှတ်ထားသလို ၂၀၁၉-၂၀ ဘဏ္ဍာနှစ်မှာ ပုံမှန်နှစ်တွေကထက် ထူးကဲပြီး ကျေးလက်လမ်း၊ မြစ်ကူးတံတား၊ ကျေးရွာတွေမှာ လျှပ်စစ်နဲ့ရေရရှိရေးအပြင် လုပ်သင့်လုပ်ထိုက်တဲ့ မဟာဗျူဟာမြောက် လမ်းမကြီးတွေနဲ့ စည်ပင်သာယာလုပ်ငန်းတွေအတွက် အရင်နှစ်တွေကထက် ပိုမိုသုံးစွဲနိုင်အောင် စီမံခန့်ခွဲထားတယ်လို့ သိရပါတယ်။

 

၂၀၁၉-၂၀  ဘဏ္ဍာရေးနှစ်ဟာ လာမယ့် စက်တင်ဘာလမှာ စတင်အသက်ဝင်မှာဖြစ်ပြီး စစ်ကိုင်းတိုင်းအတွက် ပြည်ထောင်စုက ခွင့်ပြုခဲ့တဲ့ ဘက်ဂျက်ငွေပမာဏဟာ ငွေကျပ် သန်းနှစ်သောင်း ဖြစ်တယ်လို့ စစ်ကိုင်းတိုင်း အစိုးရအဖွဲ့က သိရပါတယ်။

 

စစ်ကိုင်းမြို့လူထုတွေ့ဆုံပွဲမှာတော့ ပြည်သူတွေ တောင်းဆိုခဲ့တာတွေနဲ့ ပတ်သက်လို့ စီမံ၊ ဘဏ္ဍာဝန်ကြီးက ဘက်ဂျက်က အကန့်အသတ်ရှိနေသလို အရပ်ဒေသအလိုက် ဘက်ဂျက်တွေရှိနေတဲ့အတွက် လိုအပ်ချက်တွေအပေါ်မှာ စီမံခန့်ခွဲရတာကြောင့် အချိန်တစ်ခုမှာတော့ ရလိမ်မယ်လို့ ဆိုပါတယ်။

 

#voiceofmyanmar # စစ်ကိုင်းတိုင်းအတွက်ဘက်ဂျက်ငွေအများပြည်သူနဲ့ဆိုင်တဲ့လုပ်ငန်းအတွက်သာ အသုံးပြုမယ် # ၂၀၁၉-၂၀  ဘဏ္ဍာရေးနှစ် # တိုင်းအစိုးရအဖွဲ့နဲ့ ပြည်သူလူထုတွေ့ဆုံပွဲ #စစ်ကိုင်း #စီမံ၊ဘဏ္ဍာ

Related posts

Leave a Comment

VOM News

FREE
VIEW