ရခိုင်ပြည်နယ်မှာ H1N1 ရောဂါဖြစ်ပွားသူ တစ်ဦးတွေ့ရှိ

စစ်တွေ၊ ဇွန် ၂၉-၂၀၁၉

ခိုင်လင်းစံ (VOM)

 

ရခိုင်ပြည်နယ် စစ်တွေမြို့ပြည်သူ့ဆေးရုံကြီးမှာ ရာသီးတုပ်ကွေးရောဂါ H1N1 ကူးစက် ဖြစ်ပွားနေသူတစ်ဦး အခုအပါတ်အတွင်း စစ်ဆေးတွေ့ရှိထားပါတယ်။

 

အဲ့ဒီရောဂါဖြစ်ပွားနေသူဟာ  စစ်တွေမြို့ကို လာရောက် ပညာသင်ကြားနေတဲ့ အသက် ၁၅ နှစ်အရွယ် ကျောင်းသူတစ်ဦးဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

 

“၂၄ ရက်နေ့ကနေ ၂၉ ရက်နေ့အထိ စစ်တွေဆေးရုံမှာ သံသယလူနာ ရှစ်ယောက်ရှိပါတယ်။ ဆေးရုံလာတက်တဲ့ လူနာတွေပေါ့။ အဲ့ဒီထဲမှာ တစ်ယောက်ကတော့ Positive ပေါ့။ NHL က အတည်ပြုပေးတာတော့ တစ်ယောက်ပါပဲ။”လို့ ရခိုင်ပြည်နယ် ပြည်နယ်ကျန်းမာရေးဦးစီးဌာန တိုးချဲ့ကာကွယ်ဆေးဌာနက ဒေါက်တာစိုးဝင်းပိုင်က ပြောပါတယ်။

 

H1N1 ဗိုင်းရပ်စ်တွေ့ရှိသူ လူနာတစ်ဦးအပြင် ကျန် ၇ ဦးတို့ကိုပါ စစ်တွေမြို့ပြည်သူ့ဆေးရုံကြီးမှာ အတွင်းလူနာအဖြစ် စောင့်ကြည့်ကုသမှုတွေ ပြုလုပ်ပေးနေတာ ဖြစ်ပါတယ်။

 

“ဒီတစ်ယောက်က မနေ့က အဖြေထွက်တဲ့လူနာ ဖြစ်ပါတယ်။ လူနာအခြေအနေကတော့ စိုးရိမ်စရာမရှိပါဘူး။ သူ့ကိုလည်း သီးသန့်ဆောင်မှာပဲထားပြီးတော့ ကုသနေပါတယ်။”လို့ ဒေါက်တာ စိုးဝင်းပိုင်က ပြောပါတယ်။

 

အဲ့ဒီရောဂါဖြစ်ပွားမှုမှာ ရခိုင်ပြည်နယ်အတွင်း ပထမဆုံးအကြိမ်တွေ့ရှိတာဖြစ်ပြီး H1N1 ရောဂါမှာ တိုက်ရိုက်ကုသလို့ မရနိုင်ကြောင်းနဲ့ အဲ့ဒီရောဂါကြောင့်ဖြစ်တတ်တဲ့ ချောင်းဆိုးခြင်း၊ ဖျားနားခြင်းတွေကို အထူးကြပ်မတ်ကုသပေးထားကြောင်း ကျန်းမာရေးဌာနက ပြောပါတယ်။

 

#voiceofmyanmar # ရခိုင်ပြည်နယ်မှာH1N1 ရောဂါဖြစ်ပွားသူတစ်ဦးတွေ့ရှိ# ရခိုင် # စစ်တွေ

Related posts

Leave a Comment

VOM News

FREE
VIEW