ဟုမ္မလင်းမြို့မှာရှိတဲ့ နမ့်ပငချောင်း ရေအားလျှပ်စစ်စီမံကိန်း ၂၄ ဘီလီယံကုန်မယ်

စစ်ကိုင်း ဇွန် ၂၉ – ၂၀၁၉

စောပြည့်ချမ်းသာ(VOM)

 

စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ် နမ့်ပငချောင်း အသေးစားရေအားလျှပ်စစ် စီမံကိန်းဆောက်လုပ်မှုအတွက် ငွေကျပ် ၂၄ ဘီလီယံ ကုန်ကျမယ်လို့ စစ်ကိုင်းတိုင်းအစိုးရအဖွဲ့က သိရပါတယ်။

 

“ဒီနှစ်မှာ စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ စီမံကိန်းနဲ့ဘဏ္ဍာရေးဝန်ကြီးက ၆ ဘီလီယံ ဘတ်ဂျတ်ချပေးမယ်။ စုစုပေါင်း ၂၄ ဘီလီယံလောက် ကုန်ကျပါမယ်။ ဟုမ္ပလင်း၊ နမ့်တော စတဲ့ကျေးရွာတွေမှာ ဒီဇယ်နဲ့မောင်းပြီး တစ်ယူနစ် ၁၈၀ နဲ့ပေးနေရတဲ့ လျှပ်စစ်ကို ဝယ်သုံးနေရတယယ်။ ဒါတောင် ၂၄ နာရီ လျှပ်စစ်မီး မရပါဘူး။ အဲဒါကြောင့် ဒါက လာမယ့် တနှစ်ခွဲလောက်ဆို ပြီးပါပြီ။”လို့ စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ လျှပ်စစ်၊ စက်မှုနဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွှန့်ဝင်းက ပြောပါတယ်။

 

ဇွန် ၂၈ ရက်က စစ်ကိုင်းမြို့တော် ခန်းမမှာ ပြုလုပ်ခဲ့တဲ့ စစ်ကိုင်းတိုင်းအစိုးရအဖွဲ့နဲ့ စစ်ကိုင်းမြို့တော်လူထုတွေ့ဆုံပွဲ အခမ်းအနားမှာ ပြောခဲ့တာ ဖြစ်ပါတယ်။

 

လက်ရှိမှာ နမ့်ပငချောင်း ရေအားလျှပ်စစ်စီမံကိန်းကို စတင်အကောင်အထည်ဖော်နေပြီဖြစ်ပြီး စီမံကိန်းဆောင်ရွက်ဖို့ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်အတွင်းမှာ ဒီဇိုင်းနဲ့ ပုံထုတ်ခြင်းလုပ်ငန်းတွေအတွက် ငွေကျပ် ၃၄၇ ဒသမ ၅၀၄ သန်း ကုန်ကျခဲ့တယ်လို့ သိရပါတယ်။

 

စစ်ကိုင်းတိုင်းအတွင်း ဓါတ်အား ပိုမိုဖြန့်ဖြူးနိုင်ဖို့အတွက်  နဘားခွဲရုံ တိုးချဲ့တည်ဆောက်ခြင်း၊ ရွှေဘိုခွဲရုံ အသစ်တည်ဆောက်ခြင်း၊ အုန်းတောခွဲရုံတည်ဆောက်ခြင်း၊ နဘား-ရွှေဘို-အုန်းတော ဓာတ်အားလိုင်း (၁၈၀)မိုင် တည်ဆောက်ခြင်း စီမံကိန်းတွေ လုပ်ဆောင်ခဲ့ပြီး အဲဒီအတွက် အမေရိကန်ဒေါ်လာ ၁၃၃, ၄၇၀ ကုန်ကျတယ်လို့ သိရပါတယ်။

 

စစ်ကိုင်းတိုင်းမှာ ပြီးခဲ့တဲ့နှစ်အထိ ဓါတ်အားခွဲရုံပေါင်း (၃၃၆၂)ရုံ၊ အသေးစား ရေအားလျှပ်စစ်စက်ရုံ (၃)ရုံ၊ ဒီဇယ်ဓါတ်အားပေးစက် (၃၉)လုံးနဲ့ ဓါတ်အားပေးလုပ်ငန်းတွေ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

 

#voiceofmyanmar # နမ့်ပငချောင်းရေအားလျှပ်စစ်စီမံကိန်း #၂၄ဘီလီယံကုန်မယ် # ဟုမ္မလင်းမြို့ #စစ်ကိုင်း

Related posts

Leave a Comment

VOM News

FREE
VIEW