ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဆိုင်ရာ မဟာဗျူဟာကို တစိုက်မတ်မတ် အကောင်အထည်ဖော်ကြဖို့ တိုက်တွန်း

နေပြည်တော်၊ ဇွန် ၂၉ – ၂၀၁၉

ကိုထွန်း(VOM)

 

ငွေကြေးခဝါချမှုနဲ့ အကြမ်းဖက်မှုအတွက် ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာလုပ်ငန်းကို တစိုက်မတ်မတ် အကောင်အထည်ဖော်ကြဖို့ အမျိုးသားအဆင့်မဟာဗျူဟာ ရေးဆွဲရေးကော်မတီ ဥက္ကဌ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူက တိုက်တွန်းလိုက်ပါတယ်။

 

“အမျိုးသားအဆင့် မဟာဗျူဟာရဲ့”လုံခြုံစိတ်ချရသော စီးပွားရေးရပ်ဝန်းသို့” ဟူသော ဆောင်ပုဒ်နဲ့အညီ ငွေကြေးခဝါချမှု၊ အကြမ်းဖက်ငွေကြေးထောက်ပံ့မှု အန္တရာယ်များက ကင်းဝေးပြီး လုံခြုံစိတ်ချရတဲ့ စီးပွားရေးလုပ်ငန်း ဖော်ဆောင်ရာမှာ သက်ဆိုင်ရာ ကဏ္ဍတွေရဲ့ပူးပေါင်းပါဝင်မှုတွေနဲ့ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြမယ်ဆိုရင် မြန်မာနိုင်ငံရဲ့စီးပွားရေးကဏ္ဍမှာ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုတွေ တိုးတက်လာမှာဖြစ်လို့ မဟာဗျူဟာလုပ်ငန်းစီမံချက်ကို အပြည့်အဝ တစိုက်မတ်မတ် အကောင်အထည်ဖော် ဆောင်ရွက်သွားကြဖို့ တိုက်တွန်းလိုပါတယ်။”လို့ ဗိုလ်ချုပ်အောင်သူက ပြောခဲ့တာပါ။

 

ဒါ့အပြင် ငွေကြေးခဝါချမှုနဲ့ အကြမ်းဖက်မှုအတွက် ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာလုပ်ငန်းကို အကောင်အထည်ဖော်ကြရာမှာ အသေးစိတ်စီစဉ်ဆောင်ရွက်ဖို့၊ တိုးတက်မှုအစီရင်ခံစာကို ပုံမှန်တင်ပြဖို့၊ နိုင်ငံတကာ ငွေကြေးခဝါချမှုနဲ့ အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့နေတာတွေကို ထိထိရောက်ရောက် ဟန့်တား တိုက်ဖျက်နိုင်ဖို့၊ တရားဥပဒေစိုးမိုးရေး အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ကိုလည်း ပြောဆိုခဲ့ပါသေးတယ်။

 

မြန်မာနိုင်ငံဟာ အာရှ-ပစိဖိတ်ဒေသငွေကြေးခဝါချမှု တိုက်ဖျက်ရေးအဖွဲ့(APG) ရဲ့ အဖွဲ့ဝင်နိုင်ငံဖြစ်တာကြောင့် ငွေကြေးဆိုင်ရာ အရေးယူဆောင်ရွက်ရေးအဖွဲ့(FATF)ရဲ့ အကြံပြုချက်တွေကို လိုက်နာဆောင်ရွက်ရပြီး လိုက်နာဆောင်ရွက်ခြင်း ရှိမရှိကို အဖွဲ့ဝင်နိုင်ငံတွေ အချင်းချင်း အပြန်အလှန်အကဲဖြတ်ခြင်း(Mutual Evaluation-ME)လုပ်ငန်းစဉ်နဲ့ အကဲဖြတ်လေ့လာဆောင်ရွက်ကြရပါတယ်။

 

ဒါကြောင့် AGP ကနေ မြန်မာနိုင်ငံအပေါ်အကဲဖြတ်ရာမှာ ၂၀၀၈ ခုနှစ်က FATF ရဲ့အကြံပြုချက် ၄၉ ချက်အနက် မြန်မာနိုင်ငံဟာ ၄ ချက်သာ စံနှုန်းသတ်မှတ်ချက် မြင့်မားစွာရရှိခဲ့ပြီး ကျန်တာတွေကတော့ စံနှုန်းသတ်မှတ်ချက် နိမ့်ခဲ့ပါတယ်။

 

ဒုတိယအကြိမ် ၂၀၁၇ ခုနှစ်က အကဲဖြတ်ချိန်မှာတော့ FATF ရဲ့အကြံပြုချက် အချက် ၄၀ ထဲက အပြည့်အဝလိုက်နာဆောင်ရွက်ခြင်း(Compliance-C) ၇ ချက်၊ ကြီးမားစွာလိုက်နာဆောင်ရွက်ခြင်း(Largely Compliance-LC) ၁၀ ချက်၊ တစ်စိတ်တစ်ပိုင်း လိုက်နာဆောင်ရွက်ခြင်း(Partially Compliance-PC) ၁၇ ချက်နဲ့ လိုက်နာဆောင်ရွက်မှုမရှိခြင်း(Non Compliance-NC) ၆ ချက် ရရှိခဲ့တယ်လို့ သိရပါတယ်။

 

ငွေကြေးခဝါချမှုနဲ့ အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ စတင်ဖြန့်ဝေပြီး အကောင်အထည်ဖော်ဆောင်ရွက်တော့မယ့် လုပ်ငန်းစဉ်နဲ့ ပတ်သက်လို့ မနေ့ ဇွန် ၂၈ ရက်က နေပြည်တော် Hilton Hotel မှာ ရှင်းလင်းပွဲ အခမ်းအနား ကျင်းပခဲ့ပါတယ်။

 

#voiceofmyanmar # ငွေကြေးခဝါချမှုနဲ့အကြမ်းဖက်မှု #ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ မဟာဗျူဟာ #တစိုက်မတ်မတ်အကောင်အထည်ဖော်ကြဖို့တိုက်တွန်း #နေပြည်တော် # အမျိုးသားအဆင့်မဟာဗျူဟာရေးဆွဲရေးကော်မတီ #ပြည်ထဲရေးဒုဝန်ကြီးဗိုလ်ချုပ်အောင်သူ

Related posts

Leave a Comment

VOM News

FREE
VIEW