တရုတ်ကို ရေထွက်ပစ္စည်း ပိုတင်ပို့နိုင်ဖို့ ယူနန်၊ရှန်ဟိုင်းနဲ့ ရန်ကုန်တိုင်း အစိုးရအဖွဲ့ ဆွေးနွေးနေ

ရန်ကုန် ၊ ဇွန် ၃၀ – ၂၀၁၉
သူရိန်(VOM)

 

တရုတ်နိုင်ငံကို ရေထွက်ကုန်ပစ္စည်း တင်ပို့မှု ပိုမိုဖွံ့ဖြိုးစေဖို့အတွက် ယူနန်ပြည်နယ်နဲ့ ရှန်ဟိုင်းပြည်နယ်က အစိုးရအဖွဲ့တွေနဲ့ ရန်ကုန်တိုင်းအစိုးရအဖွဲ့တို့ ဆွေးနွေးမှုတွေ ပြုလုပ်နေတယ်လို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောပါတယ်။

 

“ကျနော်တို့ တရုတ်ပြည်ကို ကုန်စည်ပို့ဆောင်တဲ့နေရာမှာ ငါးလုပ်ငန်းကဏ္ဍ၊ ပင်လယ်ထွက်ပစ္စည်းတွေရဲ့ကဏ္ဍကို ပိုမိုဖွံ့ဖြိုးတိုးတက်စေနိုင်ဖို့အတွက်လည်း ကျနော်တို့ ယူနန်နဲ့ ဆွေးနွေးနေတာ ရှိပါတယ်။ ဒီ့အပြင် ရှန်ဟိုင်းဘက်နဲ့လည်း ကျနော်တို့ တိုင်းဒေသကြီးအစိုးရဘက်က ဆွေးနွေးနေတာ ရှိပါတယ်။”လို့ မနေ့ ဇွန် ၂၉ ရက်က တိုင်းအစိုးရနဲ့ မီဒီယာတွေ့ဆုံပွဲမှာ ဝန်ကြီးချုပ်ဦး ဖြိုးမင်းသိန်းက ပြောခဲ့တာပါ။

 

ဒီဆွေးနွေးမှုတွေဟာ နိုင်ငံရဲ့ ပြည်တွင်းထုတ်ကုန်တန်ဖိုး (GDP) အမြန်ဆုံး တိုးတက်စေဖို့၊ ပင်လယ်ထွက်ကုန်စည်တွေက ပို့ကုန်တိုးမြှင့်နိုင်ဖို့ အထောက်အပံ့တွေ ဖြစ်နိုင်သလို အချိန်တိုအတွင်း တိုင်းပြည်ရဲ့ GDP ကို အမြန်ဆုံးတိုးမြင့်ပေးမယ့် အခြေအနေတစ်ခု ဖြစ်တယ်လို့ သိရပါတယ်။

 

ပြည်ပပို့ကုန်တိုးမြှင့်တင်ပို့နိုင်ဖို့အတွက် တရုတ်နိုင်ငံနဲ့ အစိုးရချင်း ဆက်သွယ်ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်တွေမှာ ကုန်သွယ်မှု လွယ်ကူလျင်မြန် ချောမွေ့စေဖို့အတွက် လိုအပ်တာကို ကြိုတင်ညှိနှိုင်း ဆောင်ရွက်ပေးဖို့လိုတယ်လို့ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် ဒုတိယဥက္ကဌ ဒေါက်တာတိုးနန္ဒာတင်က ပြောပါတယ်။

 

လက်ရှိမှာတော့ ငါးလုပ်ငန်းအဖွဲ့ချုပ်နဲ့ ငါးလုပ်ငန်းနယ်ပယ်အသီးသီးမှာ လုပ်ငန်းဆောင်ရွက်နေတဲ့ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းနေသူတွေနဲ့ ရန်ကုန်တိုင်းအစိုးရအဖွဲ့တို့ ညှိနှိုင်းဆောင်ရွက်မှုတွေ လုပ်ဆောင်နေပါတယ်။

 

ဒါ့အပြင် မြန်မာနိုင်ငံကနေ မွေးမြူရေး ငါး၊ ပုစွန်တွေ ပြည်ပတင်ပို့ရာမှာ အရည်အသွေးစစ်ဆေးတဲ့နေရာတွေမှာ ကြန့်ကြာမှုရှိနေတာတွေနဲ့ ပြည်ပကို တရားဝင်တင်ဖို့အတွက် သက်ဆိုင်ရာအစိုးရဘက်က လုပ်ငန်းလွယ်ကူအောင် ကူညီပေးနိုင်ဖို့ လိုအပ်ကြောင်း သိရပါတယ်။ အလားတူပဲ ကြက်နဲ့ငါး နှစ်မျိုးတွဲမွေးမြူတဲ့ လုပ်ငန်းကထွက်လာတဲ့ငါးတွေဟာ အစားအသောက်ဘေးကင်း လုံခြုံမှုမရှိတဲ့အတွက် ပြည်ပတင်ပို့မှုတွေလုပ်တဲ့အခါ ဒါတွေကြောင့်လည်း အဟန့်အတား အခက်အခဲတွေရှိနေတာကြောင့် နှစ်မျိုးပေါင်းမွေးမြူတာကို ဥပဒေတစ်ရပ်ထုတ်ပြီး တားမြစ်ပေးဖို့ လိုတယ်လို့လည်း ဆိုပါတယ်။

 

 

#voiceofmyanmar # ရေထွက်ပစ္စည်းတင်ပို့နိုင်ဖို့ #ယူနန်၊ရှန်ဟိုင်းနဲ့ရန်ကုန်တိုင်းအစိုးရအဖွဲ့ဆွေးနွေး # တရုတ် #ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း #ရန်ကုန် #မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်

Related posts

Leave a Comment

VOM News

FREE
VIEW