မူးယစ်ရမ်းကားလို့ဆိုပြီး ရဲတပ်ဖွဲ့ဝင်က ရိုက်နှက်ရာ ရက်ပိုင်းအကြာမှာ သေဆုံး

ပန်းတောင်း၊ ဇွန် ၃၀ -၂၀၁၉
ဂျန်ကိုးလ်(VOM)

 

မူးယစ်ရမ်းကားတယ်ဆိုသူကို ရဲက ဖမ်းဆီးရိုက်နှက်ရာကနေ ခြောက်ရက်အကြာမှာတော့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ သေဆုံးသွားတယ်လို့ သေဆုံးသူရဲ့ မိသားစုထံက သိရပါတယ်။

 

ဇွန်လ၂၄ ရက်က ပဲခူးတိုင်း ပြည်ခရိုင် ပန်းတောင်းမြို့ အရှေ့စီသာရပ်ကွက်ရှိ အရက်ဆိုင်တစ်ခုမှာ လူငယ်တစ်ဦး မူးပြီးရမ်းကားနေတယ်လို့ သတင်းအရ ရဲတပ်ဖွဲ့ဝင်တွေ ရောက်လာပြီး အဲဒီထဲက ရဲတစ်ဦးက နံပါတ်တုတ်နဲ့ ရိုက်နှက်တာလို့ သိရပါတယ်။

 

” အဲဒီနေ့က ကောင်လေးက မူးပြီးပြဿနာရှာတာတော့ ဟုတ်တယ်။ ဒါပေမဲ့ ဘယ်သူ့ကိုမှတော့ ဘာမှမလုပ်ပါဘူး။ ရဲလေးယောက် ရောက်လာပြီး တစ်ယောက်က နောက်ပြန်ချုပ်ထားပြီး တစ်ယောက်က နံပါတ်ဒုတ်နဲ့ ခေါင်းတွေကိုရိုက်တာ၊ သွေးတွေအများကြီးထွက်ပြီး သတိလစ်သွားတယ်။”လို့ အရက်ဆိုင်ဘေးမှာ နေထိုင်သူ မမိုးမိုးထက်က သူမြင်ရတာကို ပြောပြပါတယ်။

သေဆုံးသူဟာ အောင်ရဲဇော်လို့သိရပြီး မိသားစုကိစ္စ အဆင်မပြေတာကနေ မူးယစ်သောက်စား၊ ပေါက်ကွဲနေတာလို့ အတူတူအရက်သောက်ခဲ့သူတစ်ဦးက ပြောပါတယ်။

 

သေဆုံးသူရဲ့ အဖွားဖြစ်သူ ဒေါ်တင်ကြည်ကတော့ “အရိုက်ခံရပြီး ရဲက ဆေးရုံပို့ပေးတယ်။ သူက ဆေးရုံမတက်ချင်ဘူးဆိုလို့ ရဲစခန်းပြန်ဝင်ပြီး ခံဝန်ထိုးတယ်။ ည ၁၁ လောက်မှာ ထမင်းစားမယ်ဆိုပြီး ခူးခိုင်းလို့ ခူးကျွေးတော့ သတိလစ်သွားတယ်။ မနက်မှပဲ လူနာတင်ယာဉ်ခေါ်ပြီး ပြည်ဆေးရုံကြီးကို ခေါ်သွားတာ။ ပြည်ဆေးရုံကြီးက လက်မခံတာကြောင့် ရန်ကုန်ဆေးရုံကြီးကို ခေါ်သွားကြတယ်။” လို့ ရှင်းပြပါတယ်။

 

အဲဒီနောက် ဒီနေ့ မနက်ပိုင်းမှာတော့ ရိုက်နှက်ခံခဲ့ရတဲ့ အောင်ရဲဇော်ဟာ သေဆုံးခဲ့ပါတယ်။ ဒီအမှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး ပန်းတောင်းမြို့နယ် မြို့မရဲစခန်းမှူး ဒုရဲမှူးအောင်အောင်ကတော့ “ရိုက်နှက်တဲ့ ဒုတပ်ကြပ်အပါအဝင် လေးယောက်ကို ဖမ်းဆီးထိန်းသိမ်းထားပါတယ်။ စုံခုံလည်း လုပ်နေပါတယ်။ ဆေးကုစားရိတ်၊ လမ်းစရိတ် အကုန်ဒီကပဲ တာဝန်ယူထားပါတယ်။” လို့ ပြောပါတယ်။

 

သေဆုံးသူရဲ့ရုပ်အလောင်းကို ကျန်ရစ်သူမိသားစုရဲ့ဆန္ဒအရ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ရင်ခွဲစစ်ဆေးပြီးရင် ပန်းတောင်းမြို့ကို ပြန်လည်သယ်ယူကာ သင်္ဂြိုလ်ပေးသွားမယ်လို့ ဆိုပါတယ်။

 

 

#voiceofmyanmar #မူးယစ်ရမ်းကားနေသူ #ရဲတပ်ဖွဲ့ဝင်ကရိုက်နှက် #ရက်ပိုင်းအကြာမှာသေဆုံး #ပဲခူး #ပြည် #ပန်းတောင်း #

Related posts

Leave a Comment

VOM News

FREE
VIEW