ပြည်​ပမှ ကုလားပဲနဲ့ စား​တော်​ပဲကို ယာယီတင်​သွင်းမယ်

ရန်​ကုန်​၊ ဇွန်​ ၃၀ -၂၀၁၉

သူရိန်(VOM)

 

ပြည်​တွင်းလိုအပ်​ချက်​ကို ပြည့်​မီ​အောင်​မစိုက်​ပျိုးနိုင်​လို့ ပြည်​ပက​နေ စား​တော်​ပဲနဲ့ ကုလားပဲကို ယာယီတင်​သွင်း ဖို့စီစဉ်​​နေတယ်​လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက သိရပါတယ်။

 

“ပြည်တွင်းမှာလိုအပ်တဲ့ စားတော်ပဲတို့၊ ကုလားပဲတို့မှာ ဈေးလျော့တဲ့အတွက်ကြောင့် လယ်သမားတွေကလည်း အကျိုးရှိရာတိုးချဲ့စိုက်တဲ့အတွက် ပြည်တွင်းရဲ့ လိုအပ်ချက်ကို မီအောင်မစိုက်နိုင်ပါဘူး။ မစိုက်နိုင်တဲ့အတွက်ကြောင့် ကုလားပဲ၊ စားတော်ပဲကို နိုင်ငံခြားကနေ ပြည်တွင်းစိုက်ပျိုးတဲ့ တောင်သူတွေ မထိခိုက်အောင် ယာယီတင်သွင်းဖို့ ဆောင်ရွက်နေပါတယ်။” လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောပါတယ်။

 

အိန္ဒိယနိုင်ငံ အပါအဝင် ပြည်ပနိုင်ငံ​တွေက ဝယ်လိုအားရှိတဲ့ မတ်ပဲ၊ ပဲစင်းငုံ၊ ပဲတီစိမ်း​တွေကိုပဲ တောင်သူ​တွေက ဦးစားပေးရွေးချယ်စိုက်ပျိုးလာတာကြောင့် ပြည်တွင်းလိုအပ်ချက်ပြည့်မီအောင် စိုက်ပျိုးထုတ်လုပ်နိုင်ခြင်းမရှိတဲ့ စားတော်ပဲ၊ ကုလားပဲ​တွေကို ပြည်တွင်း ကုမ္ပဏီတွေအနေနဲ့ ပြည်ပက​နေတင်သွင်းခွင့်ပြုဖို့ လိုင်စင်လျှောက်ထားလာတာကြောင့် စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေနဲ့ တင်သွင်းခွင့်ပေးဖို့ စီစဉ်ဆောင်ရွက်နေတာပါ။ ဒါကြောင့် လက်ရှိမှာ တောင်သူတွေ၊ ကုန်သည်တွေနဲ့ အစိုးရ ဆွေးနွေးမှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

 

“ဒီပဲတွေက ဈေးသိပ်မရလို့ စိုက်တဲ့တောင်သူတွေက နည်းတယ်။ စိုက်ပျိုးတောင်သူနည်းတော့ ပစ္စည်းက ရှားပါးလာလို့ တင်သွင်းခွင့် လျှောက်ထားကြတာပါ။ Data အားနည်းတဲ့အတွက် ဒီကိစ္စတွေ ဖြစ်လာရတာပါ။ အားကောင်းမယ်ဆိုရင် တောင်သူတွေဘက်ကလည်း ချင့်ချင့်ချိန်ချိန် စိုက်ပျိုးလာမှာပါ။” လို့ ဘုရင့်နောင် ကုန်စည်ဒိုင်ရှိ ကုန်သည်တစ်ဦးက ပြောပါတယ်။

 

မြန်မာနိုင်ငံမှာ လက်ရှိမှာတော့ မတ်ပဲ၊ ပဲစင်းငုံ၊ ပဲတီစိမ်းစတဲ့ ပဲအမျိုးအစား​တွေကို အဓိကစိုက်ပျိုးပြီး မတ်ပဲနဲ့ ပဲစင်းငုံကို အိန္ဒိယနိုင်ငံက အများဆုံးဝယ်ယူပြီး ပဲတီစိမ်းကို တရုတ်နိုင်ငံနဲ့ဥရောပနိုင်ငံတချို့က ဝယ်ယူ​နေပါတယ်​။

 

#voiceofmyanmar # ပြည်ပမှကုလားပဲနဲ့စားတော်ပဲကိုယာယီတင်သွင်းမယ် # စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန #ဘုရင့်နောင်ကုန်စည်ဒိုင် #ရန်ကုန်

Related posts

Leave a Comment

VOM News

FREE
VIEW