ပြည်တက္ကသိုလ်မှာ နှစ်ဝက်စာစဉ် အချိန်မီဖြေဆိုဖို့ အဝေးသင် ဥပဒေကျောင်းသားအချို့ အခက်အခဲကြုံ

 

ပြည်၊ ဇွန် ၃၀ – ၂၀၁၉

မိုးယံ(VOM)

 

ပဲခူးတိုင်း ပြည်မြို့ ပြည်တက္ကသိုလ်မှာ အဝေးသင် ဥပဒေမေဂျာ တက်ရောက်နေတဲ့ ကျောင်းသားတွေဟာ နှစ်ဝက်စာစဉ်အချိန်မီ ဖြေဆိုဖို့ အခက်အခဲတွေ ဖြစ်နေတယ်လို့ ဥပဒေကျောင်းသားတွေထံက သိရပါတယ်။

 

“ကျောင်းအုပ်ချုပ်ရေးစနစ် ပြောင်းသွားတယ်။ ပြည်တက္ကသိုလ်က ကိုယ်ပိုင်မေးခွန်းထုတ်ရမယ်ပေါ့။ ယခင်နှစ်တွေက(Assignment)နှစ်ဝက်စာစဉ်တွေ ဖြေဆိုတဲ့နေရာမှာ အပြင်က အထောက်အကူပြုစာစဉ်တွေ ထွက်တယ်။ ဌာနကလည်း စာစဉ်တွေရောင်းပေးတော့ ဖြေဆိုတဲ့နေရာမှာ အဆင်ပြေတယ်။ အခုချိန်မှာတော့ အပြင်က စာစဉ်ကလည်း မထွက်တော့ဘူး။ ဌာနကလည်း စာစဉ်မရောင်းတော့ စာစဉ်ဖြေဆိုဖို့နဲ့ သတ်မှတ်ချိန်အမီတင်ဖို့ အခက်အခဲတွေ ဖြစ်နေပါတယ်။”လို့ ဥပဒေ စတုတ္ထနှစ်ကျောင်းသား ကိုငြိမ်းချမ်းက ပြောပါတယ်။

 

အကယ်၍ အထောက်အကူပြုစာစဉ်တွေ မရရင် သင်ရိုးစာအုပ်တွေ၊ သင်ကြားရေးအထောက်အကူပြု CD ခွေတွေ ရရှိပါက အဆင်ပြေနိုင်ပေမယ့် ဒါတွေလည်း လုံလုံလောက်လောက်မရလို့ ခက်ခဲတယ်လို့ သိရပါတယ်။ လေ့လာမှုလမ်းညွှန်တွေ၊ စာစဉ်တွေ၊ သင်ရိုးစာအုပ်တွေ ကျောင်းသားတွေကို တပါတည်းမပေးတဲ့ပြသနာတွေဟာ အဝေးသင်မေဂျာတွေ ကြုံတွေ့ရလေ့ရှိပြီး ပြည်တက္ကသိုလ် အဝေးသင် ဥပဒေမေဂျာမှာလည်း အဲဒီလို ကြုံတွေ့နေရတာ ဖြစ်တယ်လို့ သိရပါတယ်။

 

ပြည်တက္ကသိုလ်က တခြားမေဂျာတွေမှာ အထောက်အကူပြုစာစဉ်တွေ ရောင်းချပေးနေပေမယ့် ဥပဒေမေဂျာမှာတော့ စာစဉ်တွေမရောင်းလို့ ကျူရှင်ယူကြတဲ့ ကျောင်းသားတွေ ရှိသလို အထောက်အကူပြုစာစဉ်တွေမရ၊ သင်ရိုးစာအုပ်က မရတဲ့အပြင် ကျူရှင်လည်းမတက်နိုင်ကြတဲ့အခါ အချို့ကျောင်းသားတွေကတော့ စာစဉ်မဖြေတော့သလို ကျောင်းဆက်မတက်ကြတော့တာတွေလည်းရှိတယ်လို့ ဆိုပါတယ်။

 

“အရင်တုန်းက အနီးကပ်ဆယ်ရက်မှာ ကျူရှင်တက်ကြရတယ်။ အခုချိန်မှာ စာစဉ်ဖြေဆိုဖို့ ကျူရှင်နှစ်ခါတက်ရမယ်ဆိုရင် ကျူရှင်သုံးခါတက်ရမလို ဖြစ်နေပါတယ်။ ငွေကြေးပြည့်စုံတဲ့ ကျောင်းသားတွေအတွက် အကြောင်းမဟုတ်ပေမယ့် ငွေကြေးခက်ခဲတဲ့ကျောင်းသားတွေအတွက် ခက်ခဲပါတယ်။ ကျောင်းသားတွေဟာ မဖြစ်မနေ ကျူရှင်သင်နေရတယ်ဆိုတာ သူတို့သိပါလျက်နဲ့ မသိချင်ယောင်ဆောင်နေတာတွေ၊ ဒီလို စာစဉ်မရောင်းတာတွေ၊ သင်ရိုးစာအုပ်တွေ အချိန်မီ မရတာတွေဟာ ဒီလိုကျူရှင်စနစ်ဖြစ်အောင် အားပေးနေတာလို့ ပြောချင်ပါတယ်။” လို့ ကိုငြိမ်းချမ်းက ဝေဖန်ပြောဆိုပါတယ်။

 

ဒါ့အပြင် ဥပဒေနောက်ဆုံးနှစ်ကျောင်းသား ကိုချမ်းမြေ့စိုးကလည်း “ကျနော်တို့ ဥပဒေမေဂျာဆိုတာ ဥပဒေပုဒ်မတွေ၊ ကျင့်ထုံးတွေကို တိတိကျကျ ဖြေရတာဆိုတော့ စာစဉ်ဖြေဆိုဖို့ အထောက်အကူ စာစဉ်တွေမရတဲ့အခါ အခက်အခဲတွေ ဖြစ်နေပါတယ်။”လို့ ပြောပါတယ်။

 

ဒါကြောင့် ကျောင်းအပ်ချိန်မှာ သင်ရိုးစာအုပ်တွေ၊ သင်ကြားရေးအထောက်အကူပြု CD ခွေတွေ၊ စာစဉ်တွေကို တပါတည်း ထုတ်ပေးပြီး စာစဉ်ဖြေဆိုဖို့ လိုအပ်တဲ့ စာစဉ်စာအုပ်တွေပေးဖို့နဲ့ Assignment စာစဉ်တင်ရမယ့်ရက်ကို နောက်ဆုတ်ပေးဖို့ အဝေးသင်ဥပဒေကျောင်းသားတွေက တောင်းဆိုကြပါတယ်။

 

ဒါနဲ့ပတ်သက်ပြီး ပြည်တက္ကသိုလ် ဥပဒေ ဘာသာရပ် ဌာနမှူး ဒေါက်တာတင်မျိုးမျိုးဆွေကတော့  သင်ရိုးစာအုပ်တွေဟာ ရန်ကုန်ကနေ ပို့ပေးတာဖြစ်လို့ ခွဲဝေပေးရတဲ့အခါ ပထမအသုတ်၊ ဒုတိယ အသုတ်ဆိုပြီး ခွဲပေးရတာမို့ မလုံလောက်တာမျိုးရှိတယ်လို့ ဆိုပါတယ်။

 

ဒါ့အပြင် ဥပဒေမေဂျာမှာ နှစ်ဝက်စာစဉ်ဖြေဆိုဖို့ အခက်အခဲတွေ ဖြစ်နေတာနဲ့ပတ်သက်ပြီး ဒေါက်တာတင်မျိုးမျိုးဆွေက “အဝေးသင်က ကျမတို့တက္ကသိုလ်ရဲ့တိုက်ရိုက်အောက်က အခုမှ စရောက်တာဆိုတော့ အပြောင်းအလဲ စပြီးဖြစ်စမှာ (Note)နုတ်တွေ၊ စာစဉ်တွေကို စာအုပ်ထုတ်ပြီး မရောင်းပါဘူး။ လာမယ့်နှစ်မှာ ရောင်းဖို့တော့ အစီအစဉ်ရှိပါတယ်။” လို့ ဆိုပါတယ်။

 

ပထမနှစ်ဝက်အတွက် Assignment ကို ဇွန်လ ၂၈ ရက်နောက်ဆုံးတင်ရမှာဖြစ်ပြီး ဒုတိယနှစ်ဝက်အတွက် သြဂတ် ၃၀ ရက် နောက်ဆုံးသတ်မှတ်ထားပေမယ့် အခုချိန်ထိ ပထမနှစ်ဝက်စာစဉ်မတင်နိုင်တဲ့ကျောင်းသား တချို့ရှိနေတယ်လို့ သိရပါတယ်။ ဒီနှစ် ပြည် အဝေးသင် ဥပဒေမေဂျာမှာ တက်ရောက်နေတဲ့ ကျောင်းသား၊ ကျောင်းသူ ၆၀ ရှိတယ်လို့ သိရပါတယ်။

 

#voiceofmyanmar  # ပြည်တက္ကသိုလ် #သင်ကြားရေးစနစ်သစ် #နှစ်ဝက်စာစဉ်အချိန်မီဖြေဆိုဖို့ ဥပဒေကျောင်းသားအချို့အခက်အခဲကြုံ #ပဲခူး #ပြည် #

 

Related posts

Leave a Comment

VOM News

FREE
VIEW