ဇီးကုန်း၊ ဇူလိုင် ၄ – ၂၀၁၉
မိုးယံ(VOM)
ပဲခူးတိုင်း သာယာဝတီခရိုင် ဇီးကုန်းမြို့နယ် တယ်ပင်ကန်အုပ်စု ကရင်ကွင်းကျေးရွာ ပန်းရင်ကျောင်းတိုက်မှာ မနေ့ည ၁၀ နာရီကျော်က ကျောင်းထိုင်ဆရာတော်နဲ့ သံဃာတော်တစ်ပါးကို အမျိုးသားနှစ်ဦးက လေသေနတ်နဲ့ ပစ်ခတ်ကာ ရိုက်နှက်ခဲ့လို့ ဇီးကုန်းမြို့နယ် ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေရတယ်လို့ ဆရာတော်ရဲ့ဒကာဦးခင်စိုးက ပြောပါတယ်။
“ဘုန်းဘုန်းမျက်နှာကို ဓာတ်မီးနဲ့ထိုးပြီး သေနတ်နဲ့ပစ်တယ်။ လက်ကို တစ်ချက်မှန်သွားတယ်၊ နောက်တစ်ချက်ပစ်တော့ အတင်းဝင်လုံးလိုက်တာ သူ့အဖေက ဘုန်းဘုန်းခေါင်းကိုရိုက်တယ်။ သူ့တို့လက်ထဲမှာလည်း အချွန်တွေ၊ စင်းဒစ်(မှိန်း)တွေနဲ့။”လို့ ရိုက်နှက်၊ ပစ်ခတ်ခံခဲ့ရတဲ့ ပန်းရင်ကျောင်းတိုက် ကျောင်းထိုင်ဆရာတော် ဦးတေဇောဘာသက မိန့်ကြားပါတယ်။
ဒေသခံရွာသားဖြစ်တဲ့ ကိုချက်ကြီးနဲ့ သူ့ရဲ့အဖေဖြစ်သူဟာ အဲဒီကျောင်းဘေးမှာ လေသေနတ်တွေနဲ့ ငှက်တွေ၊ ခွေးတွေကို လာပစ်နေလို့ ဆရာတော်ကနေ ဘယ်သူတွေလဲလို့မေးမြန်းရာမှာ ပြန်မပြောဘဲ ရွာထဲဘက်ထွက်ပြေးသွားတဲ့အချိန် ဆရာတော်က နောက်ကလိုက်ရင်း အခုလို ရိုက်နှက်ပစ်ခတ်ခံခဲ့ရတာလို့ သိရပါတယ်။
အဲဒီသားအဖနှစ်ယောက်ဟာ ကျေးရွာထဲမှာ သောက်သောက်စားစားနဲ့ မူးယစ်ရမ်းကားလေ့ရှိတယ်လို့ ဦးခင်စိုးပြောပြချက်အရ သိရပါတယ်။ ပစ်ခတ်၊ ရိုက်နှက်ခံရတဲ့ ဒဏ်ရာတွေကြောင့် ဆရာတော် ဦးတေဇောဘာသဟာ ဇီးကုန်းမြို့နယ် ပြည်သူ့ဆေးရုံကြီးမှာတက်ရောက်နေပြီး ဦးခေါင်းသုံးချက်ချုပ်ထားရသလို အခြားဒဏ်ရာတွေလည်း ရရှိထားတယ်လို့ သိရပါတယ်။
ဒါ့အပြင် ကျောင်းထိုင် ဆရာတော်နောက်ကို လိုက်ပါလာတဲ့ ဆရာတော်ဦးသုမနကလည်း “ဆရာတော်ကို သူ့အဖေက ဝင်ရိုက်တယ်။၂ ချက်၊ ၃ ချက်ရိုက်တာမှာ ဘုန်းဘုန်းက ဝင်တားလို့ ဘုန်းဘုန်းကိုပါ ရိုက်တယ်။ ကျောကုန်းတွေမှာ ဒဏ်ရာတွေနဲ့၊ လက်နဲ့ကာလိုက်တာမှာ လက်ကွဲသွားတယ်။ လေးချက်ချုပ်ရတယ်။”လို့ မိန့်ပါတယ်။
ဆရာတော် နှစ်ပါးကို ရိုက်နှက်ကာ သေနတ်နဲ့ပစ်ခဲ့တဲ့ ကိုချက်ကြီးတို့သားအဖကို သွားရောက်ဖမ်းဆီးခဲ့တဲ့ တယ်ပင်ကန်အုပ်စု အုပ်ချုပ်ရေးမှူး ဦးမြင့်သောင်းက “ညက နှစ်နာရီထိုးသွားဖမ်းတယ်။ သူ့အဖေကိုမိလို့ လေးမျက်နှာ ရဲစခန်းပို့ထားပြီ။ သားကတော့ မမိဘူး။ သာသနာကို စော်ကားတာတော့ အပစ်ပေးရမှာပေါ့။”လို့ ဆိုပါတယ်။
အဲဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဇီးကုန်းမြို့နယ် သံဃာ့နာယကအနေနဲ့ကတော့ တိတိကျကျ စုံစမ်းစစ်ဆေးပြီး လုပ်သင့်လုပ်ထိုက်တာကို ဆောင်ရွက်သွားမယ်လို့ မြို့နယ်သံဃာ့နာယက အဖွဲ့ဝင် ဆရာတော် ဦးဉာဏက မိန့်ကြားပါတယ်။
လက်ရှိမှာတော့ သေနတ်နဲ့ ပစ်ခတ်ရိုက်နှက်သူသားအဖနှစ်ဦးထဲက ဖခင်ဖြစ်သူကို ဖမ်းမိထားပြီး သားဖြစ်သူ ချက်ကြီးကို ဖမ်းဆီးရမိရေး လုပ်ဆောင်နေသလို ဒီအမှုအတွက် ဥပဒေ အတိုင်းဆောင်ရွက်သွားမှာပါလို့ လေးမျက်နှာ ရဲစခန်းက စခန်းမှူး ကျော်မျိုးမင်က ပြောပါတယ်။
#voiceofmyanmar #ကျောင်းထိုင်ဆရာတော်နဲ့သံဃာတစ်ပါး #ဒေသခံသားအဖနှစ်ယောက် #လေသေနတ်နဲ့ပစ်၊ရိုက်နှက် # ပဲခူးတိုင်း #သာယာဝတီခရိုင် #ဇီးကုန်းမြို့နယ် #တယ်ပင်ကန်အုပ်စု #ကရင်ကွင်းကျေးရွာ #ပန်းရင်ကျောင်းတိုက် #