ဇီးကုန်းမှာ ကျောင်းထိုင်ဆရာတော်နဲ့ သံဃာတစ်ပါးကို ဒေသခံသားအဖနှစ်ယောက်က လေသေနတ်နဲ့ပစ်၊ ရိုက်နှက်

ဇီးကုန်း၊ ဇူလိုင်​ ၄ – ၂၀၁၉

မိုးယံ(VOM)

 

ပဲခူးတိုင်း သာယာဝတီခရိုင်​ ဇီးကုန်းမြို့နယ်​ တယ်​ပင်​ကန်​အုပ်​စု ကရင်​ကွင်း​ကျေးရွာ ပန်းရင်​​ကျောင်းတိုက်​မှာ မ​နေ့ည ၁၀ နာရီ​ကျော်​က ​ကျောင်းထိုင်​ဆရာ​တော်​နဲ့ သံဃာ​တော်​တစ်ပါးကို အမျိုးသားနှစ်​ဦးက လေ​သေနတ်​နဲ့ ပစ်​ခတ်ကာ​ ရိုက်​နှက်​ခဲ့လို့ ဇီးကုန်းမြို့နယ် ပြည်​သူ့​ဆေးရုံကြီးမှာ ​ဆေးကုသမှုခံယူ​နေရတယ်​လို့ ဆရာ​တော်​ရဲ့ဒကာဦးခင်​စိုးက​ ပြောပါတယ်​။

 

“ဘုန်းဘုန်းမျက်နှာကို ဓာတ်မီးနဲ့ထိုးပြီး သေနတ်နဲ့ပစ်တယ်။ လက်ကို တစ်ချက်မှန်သွားတယ်၊ နောက်တစ်ချက်ပစ်တော့ အတင်းဝင်လုံးလိုက်တာ သူ့အဖေက ဘုန်းဘုန်းခေါင်းကိုရိုက်တယ်။ သူ့တို့လက်ထဲမှာလည်း အချွန်တွေ၊ စင်းဒစ်(မှိန်း)တွေနဲ့။”လို့ ရိုက်နှက်၊ ပစ်ခတ်ခံခဲ့ရတဲ့ ပန်းရင်ကျောင်းတိုက် ကျောင်းထိုင်ဆရာတော် ဦးတေဇောဘာသက မိန့်ကြားပါတယ်။

 

ဒေသခံရွာသားဖြစ်တဲ့ ကိုချက်ကြီးနဲ့ သူ့ရဲ့အဖေဖြစ်သူဟာ အဲဒီကျောင်း​ဘေးမှာ ​လေ​သေနတ်​တွေနဲ့ ငှက်​​တွေ၊ ​ခွေး​တွေကို လာပစ်​နေလို့ ဆရာတော်ကနေ ဘယ်​သူ​တွေလဲလို့​မေးမြန်းရာမှာ ပြန်​မ​ပြောဘဲ ​ရွာထဲဘက်​ထွက်​ပြေးသွားတဲ့အချိန် ဆရာတော်က နောက်ကလိုက်ရင်း အခုလို ရိုက်နှက်ပစ်ခတ်ခံခဲ့ရတာလို့ သိရပါတယ်။

 

အဲဒီသားအဖနှစ်ယောက်ဟာ ကျေးရွာထဲမှာ သောက်သောက်စားစားနဲ့ မူးယစ်ရမ်းကားလေ့ရှိတယ်လို့ ဦးခင်စိုးပြောပြချက်အရ သိရပါတယ်။ ပစ်ခတ်၊ ရိုက်နှက်ခံရတဲ့ ဒဏ်ရာတွေကြောင့် ဆရာတော် ဦးတေဇောဘာသဟာ ဇီးကုန်းမြို့နယ် ပြည်သူ့ဆေးရုံကြီးမှာတက်ရောက်နေပြီး ဦးခေါင်းသုံးချက်ချုပ်ထားရသလို အခြားဒဏ်ရာတွေလည်း ရရှိထားတယ်လို့ သိရပါတယ်။

 

ဒါ့အပြင် ကျောင်းထိုင် ဆရာတော်နောက်ကို လိုက်ပါလာတဲ့ ဆရာတော်ဦးသုမနကလည်း “ဆရာတော်ကို သူ့အ​ဖေက ဝင်​ရိုက်​တယ်​။၂ ချက်​၊ ၃ ချက်​ရိုက်​တာမှာ ဘုန်းဘုန်းက ဝင်​တားလို့ ဘုန်းဘုန်းကိုပါ ရိုက်​တယ်​။ ​ကျောကုန်း​တွေမှာ ဒဏ်​ရာတွေနဲ့၊ လက်​နဲ့ကာလိုက်​တာမှာ လက်​ကွဲသွားတယ်​။ ​လေးချက်​ချုပ်​ရတယ်။”လို့ မိန့်​ပါတယ်။

 

ဆရာ​တော်​ နှစ်​ပါးကို​ ရိုက်နှက်ကာ သေနတ်​နဲ့ပစ်​ခဲ့တဲ့ ကိုချက်​ကြီးတို့သားအဖကို သွား​ရောက်​ဖမ်းဆီးခဲ့တဲ့ တယ်​ပင်​ကန်​အုပ်​စု အုပ်​ချုပ်​​ရေးမှူး ဦးမြင့်​​သောင်းက “ညက နှစ်​နာရီထိုးသွားဖမ်းတယ်။ သူ့အ​ဖေကိုမိလို့ ​လေးမျက်​နှာ ရဲစခန်းပို့ထားပြီ။ သားက​တော့ မမိဘူး။ သာသနာကို​ စော်​ကားတာ​တော့ အပစ်​​ပေးရမှာ​ပေါ့။”လို့ ဆိုပါတယ်။

 

အဲဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဇီးကုန်းမြို့နယ် သံဃာ့နာယကအနေနဲ့ကတော့ တိတိကျကျ စုံစမ်းစစ်ဆေးပြီး လုပ်သင့်လုပ်ထိုက်တာကို ဆောင်ရွက်သွားမယ်လို့ မြို့နယ်သံဃာ့နာယက အဖွဲ့ဝင် ဆရာတော် ဦးဉာဏက မိန့်ကြားပါတယ်။

 

လက်ရှိမှာတော့ သေနတ်​နဲ့ ပစ်​ခတ်​ရိုက်​နှက်​သူသားအဖနှစ်ဦးထဲက ဖခင်​ဖြစ်​သူကို ဖမ်းမိထားပြီး သားဖြစ်သူ ချက်​ကြီးကို​ ဖမ်းဆီးရမိရေး လုပ်ဆောင်နေသလို ဒီအမှုအတွက် ဥပ​ဒေ အတိုင်း​ဆောင်​ရွက်​သွားမှာပါလို့ လေးမျက်​နှာ ရဲစခန်းက စခန်းမှူး ​ကျော်​မျိုးမင်က​ ပြောပါတယ်​။

 

 

#voiceofmyanmar #ကျောင်းထိုင်ဆရာတော်နဲ့သံဃာတစ်ပါး #ဒေသခံသားအဖနှစ်ယောက် #လေသေနတ်နဲ့ပစ်၊ရိုက်နှက် # ပဲခူးတိုင်း #သာယာဝတီခရိုင် #ဇီးကုန်းမြို့နယ် #တယ်ပင်ကန်အုပ်စု #ကရင်ကွင်းကျေးရွာ #ပန်းရင်ကျောင်းတိုက် #

Related posts

Leave a Comment

VOM News

FREE
VIEW