လက်နက်ကြီးကျည်ပေါက်ကွဲ အမျိုးသမီးတစ်ဦးထိခိုက်

ကျောက်တော်၊ ဇူလိုင် ၃၁-၂၀၁၉

ခိုင်လင်းစံ (VOM)

 

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်မှာ ဇူလိုင်လ ၃၀ ရက်နေ့မနက်ပိုင်းက တပ်မတော်စစ်ကြောင်းမှ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်တစ်လုံး ကျေးရွာအတွင်းကျရောက်ပေါက်ကွဲခဲ့ပြီး အမျိုးသမီးတစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

 

ဒဏ်ရာရရှိခဲ့တဲ့အမျိုးသမီးဟာ လိပ်မကျေးရွာက မမြတ်မြတ်သွယ် ၂၃ နှစ်ဖြစ်ပြီး ၎င်းရဲ့နေအိမ်မှာ မနက်စာထမင်းချက်ပြုတ်နေစဉ် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲပြီး သူ့ရဲ့တင်ပါးကို ကျည်စလာရောက်ထိမှန်ခဲ့တာဖြစ်ပါတယ်။

 

“ကျွန်တော်သမီး ထမင်းချက်နေတာ။ ကျွန်တော်လည်း အိမ်မှမရှိဘူး။ လယ်ထဲမှာအလုပ်လုပ်နေတယ်။  ဖုန်းနဲ့ခေါ်တော့ ပြန်လာလိုက်တဲ့အချိန်မှာ ကျွန်တော့်ယောက္ခမအိမ်မှာ လက်နက်ကြီးကျည်ကျကွဲပြီး သမီးရဲ့တင်ပါးဒဏ်ရာရရှိတယ်ဆိုတာကိုသိရတာပါ။”လို့ မမြတ်မြတ်သွယ်ရဲ့အဖေ ဦးအောင်လှစိုးက ပြောပါတယ်။

 

၃၀ ရက်နေ့ မနက်ပိုင်းမှာ လိပ်မကျေးရွာအနီး တိုက်ပွဲဖြစ်ပွားခဲ့တာမရှိကြောင်းနဲ့ အဲ့ဒီအနီးတဝိုက်မှာ သွားလာလှုပ်ရှားနေတဲ့ တပ်မတော်စစ်ကြောင်းကနေ ပစ်ခတ်လိုက်တဲ့လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာဖြစ်နိုင်တယ်လို့ ကျေးရွာသားတစ်ဦးကပြောပါတယ်။

 

“မနက်ပိုင်း ပေါက်ကွဲမှုမဖြစ်ခင်တော့ ဒေါင်းတောင်ယိုးဘက်ကနေ စိန်ခြုံရွာဘက်ကို စစ်ကြောင်းကသွားတယ်။ အဲ့ဒီမှာ ကန်ရှည်ပြင်ရွာနားကိုအရောက်မှာ ပစ်ခတ်တာတွေကြားရတယ်။ အဲ့ဒီကနေ လက်နက်ကြီးကျည်ကျလာတာပါ။ တိုက်ပွဲဖြစ်တာတော့မကြားဘူး။”လို့ လိပ်မကျေးရွာသားတစ်ဦးကပြောပါတယ်။

အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးဆီကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ ပြန်လည်ဖြေကြားခဲ့ခြင်းမရှိခဲ့ပါဘူး။

 

ဒါဏ်ရာရရှိသူ မမြတ်မြတ်သွယ်ကိုတော့ မနေ့ကညနေပိုင်းမှာ ကျောက်တော်မြို့ဆေးရုံကို ပို့ဆောင်ပေးခဲ့တာဖြစ်ပြီး ဆေးကုသမှုခံယူနေကြောင်း ဦးအောင်လှစိုးကပြောပါတယ်။

 

လက်ရှိမှာတော့ ရခိုင်ပြည်နယ်အတွင်းမှာ တပ်မတော်နဲ့ AA တို့အကြား ၇ လကျော်ကာလအတွင်း တိုက်ပွဲတွေဖြစ်ပွားနေတဲ့အတွက် နေရပ်စွန့်ခွာထွက်ပြေးလာခဲ့ကြတဲ့ စစ်ဘေးရှောင်အရေအတွက်ဟာ မြို့နယ် ၆ မြို့နယ်အတွင်းမှာ ၅၅၀၀၀ ကျော်အထိရှိလာနေပြီလို့ အရပ်ဖက်အဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

 

#vocieofmyanmar #ရခိုင်ပြည်နယ် #ကျောက်တော် #လိပ်မကျေးရွာ

Related posts

Leave a Comment

VOM News

FREE
VIEW