ပါရှန်ပင်လယ်ကွေ့ ညွှန့်ပေါင်းအဖွဲ့မှာ အစ္စရေးပါဝင်လာရင် စစ်ဖြစ်နိုင်ခြေရှိတယ်လို့ အီရန်သတိပေး

တီဟီရန်၊ သြဂုတ်-၁၃-၂၀၁၉

မျိုးဆက် (VOM)

 

ပါရှန်ပင်လယ်ကွေ့အတွင်း ရေကြောင်းလုံခြုံရေးညွှန့်ပေါင်းအဖွဲ့မှာ အစ္စရေးနိုင်ငံပါဝင်ခဲ့မယ်ဆိုရင် စစ်ဖြစ်နိုင်ဖို့ အလားအလာရှိတယ်လို့ အီရန်တော်လှန်ရေးအစောင့်တပ်က သတိပေးပြောဆိုလိုက်ပါတယ်။

 

ပါရှန်ပင်လယ်ကွေ့အတွင်းမှာ လုံခြုံရေးဆိုင်ရာ ကာကွယ်ဖို့ အမေရိကန်ဦးဆောင်တဲ့ ကြိုးစားအားထုတ်မှုတွေကို ကူညီသွားမယ်လို့ အစ္စရေးနိုင်ငံခြားရေးဝန်ကြီး ခက်ဇ်က ပြီးခဲ့တဲ့အပတ်မှာ ပြောဆိုခဲ့ပါတယ်။

 

ဒီလို ရေကြောင်းလုံခြုံရေးညွှန့်ပေါင်းဖွဲ့ဖို့ကိစ္စဟာ တရားမ၀င်ဘူးလို့ အီရန်ကယူဆထားပြီး အမေရိကန်နဲ့ ဗြိတိန်ခေါင်းဆောင်တွေအနေနဲ့ ပါရှန်ပင်လယ်ကွေ့မှာ သူတို့ရဲ့ရေတပ်တွေ ထားရှိဖို့ကို တရားဝင်ဖြစ်ဖို့ မတော်တဆမှုတွေကိုလည်း လုပ်ကြံဖန်တီးနေတယ်လို့ အီရန်ဘက်က ဆိုပါတယ်။

 

ပါရှန်ပင်လယ်ကွေ့မှာ အစ္စရေးရဲ့ ပါဝင်ပတ်သက်မှုအတွက် အမေရိကန်နဲ့ဗြိတိန်တို့အနေနဲ့ မဖြစ်မနေ တာဝန်ယူရမယ်လို့ အီရန်တော်လှန်ရေးအစောင့်တပ် ရေတပ်ဗိုလ်ချုပ် အာလီရီဇာက ပြောပါတယ်။

 

ဒီရေပြင်မှာ အစ္စရေးရဲ့ ဘယ်လိုပါဝင်ပတ်သက်မှုမျိုးမဆိုဟာ တရားမ၀င်ဖြစ်ပြီး ရလဒ်အနေနဲ့ ဒေသတွင်းမှာ စစ်ပွဲနဲ့ ထိပ်တိုက်ရင်ဆိုင်မှုတွေ ဖြစ်လာဖွယ်ရှိတယ်လို့ သူက သတိပေးပြောဆိုပါတယ်။

 

အမေရိကန်ဦးဆောင်ပြီး ဖွဲ့ဖို့စီစဉ်နေတဲ့ ညွှန့်ပေါင်းအဖွဲ့ဟာ ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းသွားလာတဲ့ သင်္ဘောတွေကို လုံခြုံစေဖို့ ရည်ရွယ်ထားတာဖြစ်ပါတယ်။ ကမ္ဘာ့ရေနံတင်ပို့မှုရဲ့ ၂၀ ရာခိုင်နှုန်းဟာလည်း အဲဒီဒေသကပဲ ဖြတ်သန်းနေရတာ ဖြစ်ပါတယ်။

 

Ref : UPI

Photo : ISNA

 

#voiceofmyanmar #ပါရှန်ပင်လယ်ကွေ့ #အစ္စရေး #အီရန် #အမေရိကန်

Related posts

Leave a Comment

VOM News

FREE
VIEW