တိုက်လေယာဉ်တွေ ထိုင်ဝမ်ကိုရောင်းရင် အမေရိကန်ကို အရေးယူပိတ်ဆို့မယ်လို့ တရုတ်ခြိမ်းခြောက်

ပေကျင်း၊ သြဂုတ်-၂၂-၂၀၁၉

မျိုးဆက် (VOM)

 

အက်ဖ်-၁၆ ဂျက်တိုက်လေယာဉ်တွေ ထိုင်ဝမ်ကိုရောင်းချရေး အမေရိကန်က ဆက်ပြီးလုပ်ဆောင်နေမယ်ဆိုရင် အဲဒီကိစ္စမှာပါဝင်တဲ့ အမေရိကန်ကုမ္ပဏီတွေကို အရေးယူပိတ်ဆို့မှုတွေ ချမှတ်မယ်လို့ တရုတ်နိုင်ငံက ခြိမ်းခြောက်လိုက်ပါတယ်။

 

အမေရိကန်အနေနဲ့ ထိုင်ဝမ်ကို လက်နက်တွေ ရောင်းချတာရပ်တန့်ဖို့နဲ့ ထိုင်ဝမ်နဲ့ စစ်ရေးဆက်နွယ်မှုတွေကို အဆုံးသတ်ဖို့ကိုလည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဂျန်ရှောင်က အမေရိကန်ကို တိုက်တွန်းပြောဆိုလိုက်ပါတယ်။

 

ဆယ်စုနှစ်များစွာအတွင်း အကြီးဆုံးလက်နက်ရောင်းချမှုအဖြစ် တိုက်လေယာဉ် ၆၆ စင်းပါဝင်တဲ့ ဒေါ်လာရှစ်ဘီလီယံ တန်ဖိုးရှိ လက်နက်တွေ ထိုင်ဝမ်ကို ရောင်းဖို့အတွက် အမေရိကန်အစိုးရက ခွင့်ပြုထားပါတယ်။

 

အထူးသဖြင့် ကုန်သွယ်ရေးကိစ္စမှာ အမေရိကန်နဲ့  တရုတ်နိုင်ငံတို့အကြား တင်းမာမှုတွေ ဆက်လက်ဖြစ်ပွားနေချိန် ထိုင်ဝမ်ကို လက်နက်ရောင်းချဖို့ကိစ္စ ဖြစ်ပေါ်လာတာပါ။

 

တရုတ်နိုင်ငံအနေနဲ့ ထိုင်ဝမ်ကို  သူ့ရဲ့ပိုင်နက်အဖြစ်ရှုမြင်ထားပြီး တရုတ်ပြည်မကြီးနဲ့ ပြန်လည်ပေါင်းစည်းရေးတွက် လိုအပ်ပါက စစ်ရေးအသုံးပြုမယ်လို့ ပြောဆိုထားပါတယ်။

 

ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးထားပြီးဖြစ်တဲ့ လက်ရှိ လက်နက်ရောင်းဝယ်ရေးအပါအ၀င် ထိုင်ဝမ်ကို အမေရိကန်က လက်နက်ရောင်းချနေမှုတွေအပေါ် တရုတ်နိုင်ငံက အမြဲလိုလို ဝေဖန်ခဲ့ပါတယ်။

 

လွန်ခဲ့တဲ့လကလည်း ဒေါ်လာ ၂ ဒသမ ၂ ဘီလီယံတန်ဖိုးရှိ တင့်ကားတွေနဲ့ စတင်းဂါးဒုံးကျည်တွေ ထိုင်ဝမ်ကို ရောင်းချတဲ့အတွက် အမေရိကန်အပေါ် တရုတ်နိုင်ငံက ပြစ်တင်ရှုတ်ချခဲ့ပါတယ်။

 

Ref : BBC

Photo : Lockheed website

 

#voiceofmyanmar #တရုတ် #အမေရိကန် #ထိုင်ဝမ် #

Related posts

✕
VOM News

FREE
VIEW