အလွဲသုံးစားမှုနဲ့ တရားစွဲခံရတဲ့ တိုင်းလွှတ်တော် ဒုဥက္ကဋ္ဌဟောင်းကို စတင်စစ်ဆေး

ပုသိမ်၊ သြဂုတ် ၂၂- ၂၀၁၉

ကိုအောင် (VOM)

ဧရာဝတီတိုင်းလွှတ်တော်ရုံး ဒုတိယညွှန်ကြားရေးမှူး ဦးဇော်မင်းထွန်းက အလွဲသုံးစားမှုနဲ့ တရားစွဲဆိုထားတဲ့ တိုင်းလွှတ်တော် ဒုဥက္ကဋ္ဌဟောင်း ဦးစံမင်းအောင်ကို ဒီနေ့ သြဂုတ် ၂၂ ရက်က ပုသိမ်မြို့နယ်တရားရုံးမှာ စတင်စစ်ဆေးခဲ့ပါတယ်။

 

ဦးစံမင်းအောင်ဟာ ၂၀၁၈ ခုနှစ်က ပြည်ထောင်စုလွှတ်တော် ရံပုံငွေမှ ခွင့်ပြုငွေ ကျပ်သိန်း ၁၅၈၀ ကို အသုံးပြုပြီး ကား ၅ စီးဝယ်ယူခဲ့ရာမှာ ငွေကျပ် ၁၉ သိန်း ၄ သောင်းကို ကိုယ်ကျိုးအတွက် အသုံးပြုတယ်ဆိုပြီး ဦးဇော်မင်းထွန်းက အခုနှစ် မတ်လ ၂၆ ရက်က ရာဇသတ်ကြီး ပုဒ်မ ၄၀၉ နဲ့ တရားလို ပြုလုပ်တိုင်တန်းထားတာပါ။

 

အခုလို တရားစွဲဆိုခံရတာနဲ့ ပတ်သက်ပြီး ဦးစံမင်းအောင်က “တရားဥပဒေအတိုင်း ရင်ဆိုင်သွားမှာပါ။ ကျနော်အလွဲသုံးစားမလုပ်တာ စာရင်း၊ ဇယားတွေ အကုန်ရှိတယ်။”လို့ ပြောပါတယ်။

 

လက်ရှိအချိန်မှာ ဦးစံမင်းအောင်ဟာ ကျန်းမာရေးအခြေအနေ မကောင်းတဲ့အတွက် ပုသိမ်ဆေးရုံကြီးမှာ တက်ရောက်ကုသနေပြီး ကျန်းမာရေးအာမခံ လျှောက်ခဲ့တယ်လို့ သူရဲ့ရှေ့နေဖြစ်သူ ဦးခင်မောင်ဦးက ပြောပါတယ်။

 

“ဒီအမှုမျိုးက စာရင်းဇယားနဲ့ရှင်းရမှာမျိုး။ သူကိုယ်တိုင်ကလည်း လွှတ်တော် ကိုယ်စားလှယ်တစ်ယောက် ဖြစ်တယ်။ သူ့မှာ လိပ်ခေါင်းရောဂါအပြင် တခြားရောဂါတွေ ခံစားနေရတာတွေနဲ့ အာမခံလျှောက်ထားခဲ့တာ။” လို့ ပြောတာပါ။

 

ပုသိမ်မြို့နယ်တရားသူကြီးကတော့ အခုလို ကျန်းမရေးအာမခံ လျှောက်ထားချက်ကို သေချာ စစ်ဆေးသွားမှာဖြစ်ပြီး သြဂုတ်လ ၂၈ ရက်မှသာ အာမခံပေး၊ မပေးကို ဆုံးဖြတ်သွားမယ်လို့ ဆိုပါတယ်။

 

လက်ရှိမှာတော့ ဦးစံမင်းအောင်ကို ပုသိမ်ထောင်မှာ ဆေးကုသခွင့် ရယူပြီး ထောင်အချုပ်နဲ့ ပုသိမ်ဆေးရုံမှာ ဆေးကုသခွင့်ပေးထားမယ်လို့ သိရပါတယ်။

 

ဦးစံမင်းအောင်ဟာ ဒီအမှုနဲ့ ပတ်သက်ပြီး NlD ပါတီကနေ ရာသက်ပန် ထုတ်ပယ်ခံခဲ့ရပါတယ်။ ၂၀၁၉ ခုနစ် ဇန်နဝါရီလ ၃၀ ရက်မှာ တိုင်းလွှတ်တော် ဒုဥက္ကဋ္ဌ ရာထူးကနေ မိမိသဘောနဲ့ နုတ်ထွက်ခဲ့ပြီး လက်ရှိမှာ ဘိုကလေးမြို့နယ် အမှတ်၂ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရှိနေတာဖြစ်ပါတယ်။

 

ပုဒ်မ ၄၀၉ ဟာ ထောင်ဒဏ် အမြင့်ဆုံး တစ်သက်တစ်ကျွန်း ဒါမှမဟုတ် ၁၀ နှစ်နဲ့ ငွေဒဏ်တွေကျနိုင်တဲ့ ပုဒ်မဖြစ်ပါတယ်။

 

#voiceofmyanmar #ပုသိမ် #ဧရာဝတီ #တိုင်းလွှတ်တော်ဒုဥက္ကဋ္ဌဦးစံမင်းအောင်

Related posts

Leave a Comment

VOM News

FREE
VIEW