အီးယူက မြန်မာနိုင်ငံကို ဒေါ်လာကိုးသန်းကျော် ထောက်ပံ့ပေးမယ်

ဘရပ်ဆဲလ်၊ စက်တင်ဘာ-၃-၂၀၁၉

မျိုးဆက် (VOM)

 

 

ပဋိပက္ခတွေကြောင့် ထိခိုက်နေတဲ့ မိသားစုတွေအတွက် လိုအပ်တာတွေကို ထောက်ပံ့ပေးနိုင်ဖို့ မြန်မာနိုင်ငံကို ဒေါ်လာ ၉ ဒသမ ၈သန်း တန်ဖိုးရှိ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ ပေးမယ်လို့ ဥရောပသမဂ္ဂက စက်တင်ဘာ ၂ ရက်မှာကြေညာလိုက်ပါတယ်။

 

 

မြန်မာနိုင်ငံမှာ ဆက်လက်ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာနေရသူတွေအရေးကို မိမိတို့အနေနဲ့ မေ့မထားကြောင်း၊ အရပ်သားတွေကို ဆက်လက်အကာအကွယ်ပေးရေးဟာ ဥရောပသမဂ္ဂရဲ့ထိပ်တန်းဦးစားပေးဖြစ်တယ်လို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးနဲ့ အရပ်သားကာကွယ်ရေး ကော်မရှင်နာမင်းကြီး ခရစ်စတိုစတိုင်လီယာနီဒက်က ပြောပါတယ်။

 

 

အီးယူကပေးမယ့် အကူအညီတွေဟာ အထူးသဖြင့် ပဋိပက္ခတွေဖြစ်ပွားနေတဲ့ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှ အခြေခံအခွင့်အရေးတွေဆုံးရှုံးနေပြီး အကူအညီမဲ့နေသူတွေကို ကာကွယ်ဖို့ ရည်ရွယ်တယ်လို့ သူကပြောပါတယ်။

 

 

ဒါ့အပြင် ပဋိပက္ခတွေမှာပါဝင်နေတဲ့ အဖွဲ့အစည်းတိုင်းဟာ နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေတွေကို လိုက်နာရမှာဖြစ်ပြီး နိုင်ငံရဲ့ နေရာတိုင်းကို အထောက်အပံ့အကူအညီတွေ မရောက်အောင် တားမြစ်တာမျိုးမလုပ်ဖို့ အာမခံရမယ်လို့ ပြောပါတယ်။

 

 

ဥရောပသမဂ္ဂဟာ ၁၉၉၄ ခုနှစ်ကတည်း မြန်မာနိုင်ငံကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေပေးခဲ့တာဖြစ်ပြီး လက်ရှိအချိန်ထိ ဒေါ်လာ ၂၇၃ သန်းကျော် ထောက်ပံ့ပေးပြီးဖြစ်ပါတယ်။

 

Ref : Anadolu

Photo : EU

Related posts

Leave a Comment

VOM News

FREE
VIEW