အမြန်လမ်းပေါ်မှာ မော်တော်ယာဉ်တွေကို လုယက်နေသူတွေ ဖမ်းဆီးရမိ

ဒီဇင်ဘာ ၈-၂၀၂၀
ကိုထွန်း(VOM)

ရန်ကုန်-မန္တလေး အမြန်လမ်းနဲ့ လမ်းဟောင်းပေါ်က မော်တော်ယာဉ်တွေဆီကနေ လုယက်နေသူတွေကို ဒီဇင်ဘာ ၇ရက်နေ့ ညနေပိုင်းက ဖမ်းဆီးရမိခဲ့တယ်လို့ ပျဉ်းမနားမြို့မရဲစခန်းကနေ သိရပါတယ်။

ပျဉ်းမနားမြို့၊ ပုရွက်ဆိပ်ကုန်းရွာအနီး မြို့ရှောင်လမ်းဘေး ‘အောင်ငြိမ်းအေး’ဆီပန့်ဆိုင်ရှေ့မှာ ဒီဇင်ဘာ ၆ရက်နေ့ ညပိုင်းက သာစည်ကနေ ဘိလပ်မြေအိတ်တင်လာတဲ့ မော်တော်ယာဉ်ဟာ ခေတ္တရပ်နားပြီး ကားခေါင်းခန်းအတွင်း အိပ်ပျော်နေချိန် အမည်မသိ လူ(၅ )ဦးနဲ့ မော်တော်ယာဉ်ရှေ့ ဆိုင်ကယ်ပေါ်မှာ စောင့်နေသူနှစ်ဦးတို့က ကားခေါင်းခန်းကိုဖွင့် ယာဉ်မောင်းရဲ့ခါးကို ဓားနဲ့ထောက်ခြိမ်းခြောက်ခဲ့တာဖြစ်ပါတယ်။

ခြိမ်းခြောက်နေချိန် ကားခေါင်းအတွင်းက ခရီးဆောင်အိတ်တစ်လုံး၊ ဆင်းကဒ်နှစ်ကဒ်ပါ MI 5 ရွှေအိုရောင်ဟန်းဆက်(၁)လုံး၊ မြန်မာကျပ်ငွေ(၆၉၀၀၀၀)ကျပ်နဲ့ ကားဆီတိုင်ကီအတွင်းမှ ဒီဇယ်ဆီ ၁၀ ဂါလံခန့်တို့ကို လုယက်ယူဆောင်သွားတဲ့အတွက် ပျဉ်းမနားမြို့မရဲစခန်းကို ယာဉ်မောင်းဖြစ်သူက လာရောက်တိုင်တန်းခဲ့ပြီး ပျဉ်မနားမြို့မရဲစခန်းမှ (ပ)၅၁၂/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ-၃၉၅ နဲ့ အမှုဖွင့်အရေးယူခဲ့တယ်လို့ သိရပါတယ်။

” တရားခံဖမ်းဆီးရမိရေးအတွက် ပျဉ်းမနားမြို့မရဲတပ်ဖွဲ့မှူးဦးဆောင်တဲ့ ပူးပေါင်းအဖွဲ့က အခင်းဖြစ်နေရာကို ချက်ခြင်းသွားရောက်ပြီး ရဲလုပ်ငန်းစဉ်တွေဆောင်ရွက်ပြီး တရားခံများအမြန်ဆုံးဖမ်းဆီးရမိနိုင်ရေးအတွက် အေလာနယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်တွေနဲ့ပူးပေါင်းပြီး တရားခံတွေကို တောနင်းရှာဖွေတာတွေလုပ်ခဲ့ပါတယ်”လို့ ဖမ်းဆီးရေးအဖွဲ့ခေါင်းဆောင် ဒု-ရဲအုပ်သက်နိုင်ဦးကပြောပါတယ်။

ပြစ်ချက်ဟောင်းရှိသူတွေကို စုံစမ်းရာ ဆက်သွယ်ရေးတာဝါတိုင်က ဆီပန့်ခိုးယူခဲ့ပြီးထောင် ၄ နှစ်ပြစ်ဒဏ်ကျခံခဲ့သူ၊ မြို့ရှောင်လမ်းမှာ ကားကြီးတွေရပ်နားချိန် မကြာခဏလုယက်မှုကျူးလွန်တတ်သူ တရုတ်ကြီး(ခ)အောင်ချမ်းထွန်း၊ ဖိုးသား၊ ပက်တင်၊ ရဲသူ၊ ဇင်လေးတို့ဖြစ်နိုင်ကြောင်း စုံစမ်းသိရှိရတဲ့အတွက် သူတို့နေထိုင်တဲ့ အေလာအုပ်စု၊ ကုလားရွာနဲ့ ရန်ကင်းရွာဖက်တို့မှာ စုံစမ်းမှုတွေပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

” အမှုမှာပါဝင်သူတွေရဲ့နေအိမ်တွေကို ပူးပေါင်းအဖွဲ့တွေနဲ့ စစ်ဆေးတာတွေပြုလုပ်ခဲ့ပေမယ့် ဖမ်းဆီးရမိခြင်းမရှိခဲ့ဘူး၊ ဖမ်းမမိတဲ့အတွက် အဖွဲ့သုံးဖွဲ့ခွဲ စောင့်ဆိုင်းနေချိန် ပြစ်မှုကျူးလွန်သူ (၈)ဦးအနက် နိုင်အောင်ချစ်၊မင်းအောင်၊ မျိုးချစ်အောင်တို့ (၃)ဦးကို ကိုင်းတောအတွင်းပိတ်ဆို့ဖမ်းဆီးရမိခဲ့ပါတယ်”လို့ ဒု-ရဲအုပ်သက်နိုင်ဦးကပြောပါတယ်။

သူတို့နဲ့အတူပြစ်မှုကျူးလွန်ရာမှာ အသုံးပြုခဲ့တဲ့ အရိုးအသွား ၁ ပေ၊၁၀ လက္မဗျက် ၁ လက္မရှိ ဓားရှည်တစ်ချောင်း၊ aလးခွတစ်ခု၊ ကားမှဆီဖောက်ယူခဲ့သော ဒီဇယ်ဆီ (၈)ဂါလံပါ ၁၀ ဂါလံဆန့်အဖြူရောင်ပလတ်စတစ်ပုံးတစ်ပုံး၊ ငွေ ၄၀၀၀၀ ကျပ်တို့နဲ့အတူဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

ဆက်လက်ပြီး လုယက်ငွေ ခွဲတမ်းရ(၈၁၀၀၀)ကျပ်နဲ့ ဆင်းကတ်နှစ်ကတ်ပါ MI-5ဖုန်းကို နိုင်အောင်ချစ်ဆိုသူက ကုလားရွာမှာနေတဲ့ မိခင်ဖြစ်သူဆီကို အပ်ထားကြောင်းပြောတဲ့အတွက် ဖမ်းမိသူ သုံးဦးနဲ့အတူ နေအိမ်ကို သွားရောက်သိမ်းဆည်းခဲ့ရတယ်လို့ သိရပါတယ်။

ထွက်ပြေးတိမ်းရှောင်နေတဲ့ ကျန်တရားခံ ၅ဦး ဖမ်းဆီးရမိရေးအတွက် ဆက်လက်ဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်း ပျဉ်းမနားမြို့မရဲစခန်းကနေ သိရပါတယ်။

#voiceofmyanmar #VOM #ပျဉ်းမနား #အမြန်လမ်းလုယက်သူတွေ #ဖမ်းဆီးရမိ

Related posts

Leave a Comment

VOM News

FREE
VIEW