စတေးဟုမ်းမြို့နယ်ကပြန်လာတဲ့ ယာဉ်နောက်လိုက်တစ်ဦး ကွာရန်တင်းမဝင်ဘဲ ထွက်ပြေး

ဒီဇင်ဘာ ၁၃-၂၀၂၀
သိင်္ဂီထွန်း (VOM)

ပြည်မြိ့ု့က ကွာရန်တင်းစင်တာမှာ ကွာရန်တင်းနေထိုင်ဖို့ ခေါ်ဆောင်လာတဲ့ ပုသိမ်ပြန် ယာဉ်နောက်လိုက်တစ်ဦးဟာ Quarantine စင်တာကနေ ထွက်ပြေးမှု မနေ့ ဒီဇင်ဘာ ၁၂ရက်နေ့က ဖြစ်ပွားခဲ့ပြီး အခုချိန်ထိ ရှာမတွေ့သေးဘူးလို့ သိရပါတယ်။

“ကမ့်ဝင်ခါနီးမှာ ထွက်ပြေးသွားတာပါ။ အခုထိတော့ မမိသေးဘူး။ ခုကတော့ ရှာတာကို ခနရပ်ထားပြီး သတင်းစုံစမ်းနေတယ်။သူသွားတတ်တဲ့နေရာတွေ ၊ ဆွေးမျိုးအရင်းတွေရှိတဲ့နေရာ စုံစမ်းနေတယ်” လို့ ကွာရန်တင်းမဝင်ဘဲ ထွက်ပြေးနေသူကို လိုက်လံရှာဖွေရာမှာ ကူညီဆောင်ရွက်ပေးနေသူတစ်ဦးကပြောပါတယ်။

မနေ့ ဒီဇင်ဘာ ၁၂ ရက်နေ့က ဝက်ထီးကန်မြို့၊ ပနီပင်အုပ်စု၊ ထိန်ရုံရွာမမှာ ပုသိမ်ပြန် ယဉ်နောက်လိုက်တစ်ဦးကို အေးသုခအောင်ပရဟိတအဖွဲက ပြည်မြို့ရှိ သူနာပြုဆောင် F.Q.C ကို ပို့ဆောင်ခဲ့ပေမယ့် ကမ့်ဝင်ခါနီးမှာ ယာဉ်နောက်လိုက်က ထွက်ပြေးသွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ယာဉ်နောက်လိုက်ကို ပို့ဆောင်ပေးခဲ့တဲ့ အေးသုခအောင်ပရဟိတအဖွဲ့ ဝင် ကိုမျိုးဝင်းအောင်ကို မေးမြန်းရာမှာတော့” ကျန်းမာရေးက အကြောင်းကြားတယ်၊ အုပ်ချုပ်ရေးက အကြောင်းကြားတော့ ကျနော်တို့ပရဟိတအဖွဲ့ကသွားတယ်။ သူနဲ့တွေ့တော့ မလိုက်နိုင်ဘူး၊ သူ့မှာရောဂါလည်းမရှိဘူးလို့ပြောတယ်။ ဖျောင်းဖျခေါ်ပေမယ့်မရလို့ပြန်လာခဲ့ရတယ်။ နောက် ၂ နာရီလောက်မှာ အုပ်ချုပ်ရေးက ဖုန်းဆက်လို့သွားတော့မှ ခေါ်လာပြီး သူနာပြုကမ့်ကိုပို့ခဲ့တယ်။ သူကထွက်ပြေးသွားတယ်၊ အခုထက်ထိ မမိသေးဘူးလို့ ကမ့်တာဝန်ခံကပြောတယ်။ သူကမလိုက်နိုင်ဘူးငြင်းတယ်၊ သူ့မှာစစ်ထားတာရှိတယ်ဆိုပြီး စာရွက်လေးပြတယ်။ ဒါပေမယ့် စာရွက်ကအတော်ကြာနေပြီပေါ့”လို့ ပြောပါတယ်။

ထွက်ပြေးနေတဲ့ အမျိုးသားဟာ အသက် ၃၅ ဝန်းကျင်ရှိပြီး ပုသိမ်မြို့ကို ပြေးဆွဲတဲ့ကားမှာလိုက်နေတဲ့ ယာဉ်နောက်လိုက်တစ်ဦးဖြစ်ပြီး မြို့သစ်-၁၃ လမ်းမှာလည်း သူ့ရဲ့အမျိုးသမီးရှိတယ်လို့ သိရပါတယ်။

ပုသိမ်မြို့ဟာ ပိုးတွေ့ရှိမှုများတာကြောင့် တစ်မြို့နယ်လုံးကို စတေးဟုမ်းသတ်မှတ်ခံထားရတဲ့မြို့နယ်တစ်ခုလည်း ဖြစ်ပါတယ်။

အခုလက်ရှိ ပြည်မြို့မှာတော့ ရန်ကုန်ပြန်တွေထဲကနေ ကိုဗစ်ပိုးတွေ့ရှိသူရှိသလို၊ ကုန်ကားမောင်းသူတွေဆီကလည်း ပိုးတွေ့ရှိနေတဲ့အပြင် အနံ့မရတဲ့အတွက် လာရောက်စစ်ဆေးမှုခံယူရာကနေလည်း ပိုးတွေ့ရှိမှုတွေရှိနေပါတယ်။

ဒါကြောင့် ပြည်မြို့ကို လာရောက်မယ့်သူတွေအနေနဲ့ ထောက်ခံစာမဖြစ်မနေလိုအပ်ပြီး stay home မြို့နယ်ကနေ လာရောက်မယ့်သူတွေကတော့ မဖြစ်မနေ ကွာရန်တင်းဝင်ရောက်နေထိုင်ရမယ်လို့ ပြည်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ပြောဆိုထားပါတယ်။

လက်ရှိမှာတော့ပြည်မြို့ထဲက ပိုးတွေ့မှုများတဲ့ ရပ်ကွက် ၂ ခုကို လော့ခ်ဒေါင်းအဖြစ် သတ်မှတ်ထားပါတယ်။

#voiceofmyanmar #VOM #ပြည် #ယာဉ်နောက်လိုက် #ကွာရန်တင်းမဝင်ဘဲ #ထွက်ပြေးနေ

Related posts

Leave a Comment

VOM News

FREE
VIEW