ပြည်ပလေကြောင်းလိုင်းတွေကို ဇန်နဝါရီ ၁ ရက်ကစပြီး ပျံသန်းခွင့်ပြုဖို့ SOP ရေးဆွဲနေ

ဒီဇင်ဘာ ၁၇-၂၀၂၀
သိင်္ဂီထွန်း(VOM)

International commercial passenger flights တွေကို လာမယ့် ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ကစပြီး စတင်ပျံသန်းနိုင်ဖို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက စံလုပ်ထုံးလုပ်နည်း SOP ရေးဆွဲနေတယ်လို့ သိရပါတယ်။

ပြည်ပလေကြောင်းလိုင်းပြေးဆွဲဖို့အတွက် စံလုပ်ထုံးလုပ်နည်း (SOP)တွေ ထွက်ရှိလာပါက Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီကို ပြန်လည်တင်ပြရမှာဖြစ်ပြီး ကော်မတီရဲ့ခွင့်ပြုချက်ရရှိခဲ့ရင်တော့ ဇန်နဝါရီလ ၁ ရက်နေ့မှာ ပြည်ပလေကြောင်းလိုင်းတွေ စတင်ပျံသန်းနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

“၁ရက်နေ့မှာ စတင်ပျံသန်းနိုင်ဖို့ ဝန်ကြီးဌာန ၅ ခုကိုလိပ်မူပြီး ညှိနိူင်းဆောင်ရွက်သွားရန်ဆိုပြီး ပို့ထားတာရှိတယ်။ အဲ့ဒီတော့ ပြည်တွင်းလေကြောင်းလိုင်းတွေလိုပဲ SOP သေချာရေးပြီးလုပ်ရမှာပေါ့။ SOPဆိုတာခုမှ ညွှန်ကြားမှလုပ်တာတော့မဟုတ်ဘူး၊ လူကြီးတွေကြိုပြီးတော့လုပ်ထားတာရှိတယ်။ ကျနော်တို့က အဓိက ကျန်းမာရေးပေါ့၊ ကျန်းမာရေးနဲ့ပတ်သက်တဲ့ညွှန်ကြားချက်တွေ၊ ကိုဗစ် ၁၉ နဲ့ပတ်သက်တာဆိုတော့ အဲ့ဒါ အဓိကဆိုတော့ ဆွဲနေတုန်းပဲ”လို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ လက်ထောက်အတွင်းဝန် ဦးမျိုးမင်းဦးကပြောပါတယ်။

ပြည်ပလေကြောင်းလိုင်းတွေ ပြေးဆွဲခွင့်ပြုတဲ့အခါမှာ မြန်မာနိုင်ငံအပါအဝင် အခြားသော ပြည်ပနိုင်ငံတွေက ချမှတ်ထားတဲ့ ကိုဗစ်-၁၉ ကပ်ရောဂါနဲ့ပတ်သက်တဲ့ လိုက်နာရမယ့်စည်းကမ်းချက်၊ သတ်မှတ်ချက်တွေကို လိုက်နာပြီး ပြည်ပခရီးစဉ်အားလုံးကို သွားနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

ပြည်ပလေကြောင်းလိုင်းတွေကို ဇန်နဝါရီလ ၁ ရက်နေ့ စတင်ပျံသန်းပြေးဆွဲနိုင်ရေး ညှိနိူင်းဆောင်ရွက်ဖို့ဆိုပြီး Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီကလည်း တရားဝင်သတင်းထုတ်ပြန်ထားတာဖြစ်ပါတယ်။

အခုနှစ် ၂၀၂၀ ခုနှစ် ရဲ့ ခရီးသွားလုပ်ငန်းနဲ့သက်ဆိုင်တဲ့ နိုင်ငံတကာလေကြောင်းကရရှိတဲ့ဝင်ငွေဟာ ကိုဗစ်ဂယက်ကြောင့် အမေရိကန်ဒေါ်လာ ၁၇၃ ဒသမ ၈၀၉ သန်းသာ ရရှိခဲ့တာကြောင့် ၂၀၁၉ ခုနှစ်က ရရှိငွေနဲ့ နိူင်းယှဉ်ရင် ၈၁ ရာခိုင်နှုန်း ကျဆင်းခဲ့ရတယ်လို့ စစ်တမ်းအရ သိရပါတယ်။

လက်ရှိမှာတော့ ပြည်ပကို မဖြစ်မနေ ကျန်းမာရေးသွားရောက်ကုသမှုခံယူမယ့်သူ၊ အလုပ်သွားလုပ်မယ့်သူတွေကိုသာ release flight နဲ့ သွားလာခွင့်ပြုထားတယ်လို့သိရပြီး ပြည်ပလေကြောင်းလိုင်းပြေးဆွဲမှုကိုတော့ ရပ်နားထားဆဲဖြစ်ပါတယ်။

Photo- YIA
#voiceofmyanmar #VOM #ရန်ကုန် #ပြည်ပလေကြောင်းလိုင်း #ပျံသန်းခွင့် #SOPရေးဆွဲနေ

Related posts

Leave a Comment

VOM News

FREE
VIEW