ကိုဗစ်လှိုင်းဒဏ် ကျားကန်ခုခံနေတဲ့ အလုပ်သမားဆေးရုံ

မန္တလေး၊ ဒီဇင်ဘာ- ၂၅- ၂၀၂၀

ညီသစ်(VOM)

 

ဒက်တောလို ပိုးသတ်ဆေးနံ့ရတဲ့ ဆေးရုံထဲကိုဝင်လိုက်တာနဲ့ ပိုးကာဝတ်စုံ ပီပီအီးတွေဝတ်ထားတဲ့ ဆေးရုံဝန်ထမ်းလို့ ယူဆရတဲ့ အပြာနုရောင်ဝတ်ရုံနဲ့လူတွေ ဆေးရုံငယ်လေးထဲမှာ မပြေးယုံတမယ် လွန်းထိုး လှုပ်ရှားနေကြတာကို မြင်ရပါတယ်။

ဒီဆေးရုံရဲ့ နေရာကတော့ ရွှေမန်းတောင်ခြေ၊ နန်းမြို့ကျုံးရဲ့ အရှေ့မြောက်ထောင့်၊ ကျောက်တော်ကြီးတို့ စန္ဒာမုနိဘုရားတို့ သုဓမ္မာဇရပ်တန်းအနီး ၆၆ လမ်း ၊ ၁၂×၁၃ လမ်းကြားမှာရှိတဲ့ အလုပ်သမားဆေးရုံပါ။

 

တရုတ်နိုင်ငံ၊ ဝူဟန်မြို့က စတင်ပြီး ကမ္ဘာ့နိုင်ငံအသီးသီးကို တရှိန်ထိုး ထိုးဖောက်နယ်ချဲ့ခဲ့ပြီး မြန်မာနိုင်ငံအတွင်းကိုလည်း ၂၀၁၉ မတ်လကုန်ပိုင်းလောက်က စတင်ပြီး ကျူးကျော်ဝင်ရောက်ခဲ့တာဆိုရင် ၈ လကျော် ကြာမြင့်ခဲ့ပါပြီ။ မြန်မာနိုင်ငံမှာ ကိုဗစ်ပိုးတွေ့လူနာ  တစ်သိန်း၂သောင်းဝန်းကျင် မန္တလေးတိုင်းမှာ တစ်သောင်း ၂ထောင်ရှိနေတာမို့ မြန်မာတနိုင်ငံလုံးရဲ့ ဆယ်ပုံတပုံရှိနေတာပါ။

မန္တလေးမြို့မှာဆိုရင်လည်း အားကစားကွင်း၊ စာသင်ကျောင်း၊ တက္ကသိုလ်နယ်မြေအတွင်းက အဆောင်တွေအပါအဝင် ဆေးရုံတွေမှာ Quarantine Canter နဲ့ COVID_19 ရောဂါပိုးကူးဆက်ခံထားရသူတွေကို ကုသပေးရာ နေရာတွေဖြစ်ခဲ့ပါတယ်။ အဲ့ဒီအထဲမှာ  အလုပ်သမားဆေးရုံဟာ သြဂုတ်လ ၁၄ ရက်နေ့က စပြီး Covid-19 ရောဂါ ကူးစက်ခံရတဲ့ Positive လူနာတွေကို စောင့်ရှောက်ကုသပေးခဲ့ရတဲ့ ဆေးရုံတစ်ခုဖြစ်လာခဲ့ပါတယ်။

 

Covid-19 ရဲ့ ဒုတိယလှိုင်း ကို စတင်ခံစားရတော့မယ့် မန္တလေးအတွက် အခြားသော Q center တွေ မဖွင့်လစ်နိုင်သေးခင်မှာ စကုသရတဲ့ နောက်ဆုံး ခံတပ်တစ်ခု ဆိုရင်လဲ မှားမယ်မထင်ပါဘူး ။

ဗော်လန်တီယာဝန်ထမ်း မရှိသေးပဲ ဆေးရုံကရှိတဲ့ လူအင်အားနဲ့သာ စတင် တိုက်ပွဲဝင်ရတဲ့ ဝန်ထမ်းတွေဟာ စိန်ခေါ်မှု အသစ်တွေကိုရင်ဆိုင်ရင်း တစ်ရက်ထက်တစ်ရက် များပြားလာတဲ့ Positive လူနာဦးရေတွေကို ကိုင်တွယ်ဖြေရှင်းခဲ့ကြရင်း ကိုယ်တိုင် သားကောင်ဖြစ်ခဲ့ရတဲ့ အခြေအနေတွေ အထိရင်ဆိုင်ခဲ့ကြရဖူးပါတယ်။

 

အလုပ်သမားဆေးရုံမှာ တာဝန်ကျတဲ့ဂျူတီချိန်တွေက ၂၄ နာရီ သုံးရက် ၇၂ နာရီ အလုပ်လုပ်ရပြီး အရင်ကဝန်ထမ်းအင်အား ၈ ယောက်အဖွဲ့ကို  ၅ ဖွဲ့ ဖွဲ့ပြီး အလုပ်လုပ်ခဲ့ရပါတယ်။ အဲ့ဒီအဖွဲ့ထဲက ဝန်ထမ်းတွေထဲက Positive တစ်ယောက်ထိသွားတာကြောင့် ဝန်ထမ်းအင်အား ဗော်လန်တီယာ အင်အား အကူအညီရောက်လာတဲ့ အချိန်မှာတော့ ၄ ယောက်တစ်ဖွဲ့ ၁၀ ဖွဲ့ ဖွဲ့ထားပြီး အဲ့ဒီထဲကတစ်ဖွဲ့က Positive ဖြစ်သွားတဲ့အတွက် ၉ ဖွဲ့နဲ့ အရင်လှုပ်ရှား ခဲ့ပြီး သုံးရက်ကို နေ့ရောညရော တစ်လှည့်စီ ဆင်းခဲ့ရပြီး ဗော်လန်တီယာ ၈ ယောက်နဲ့ ဝန်ထမ်းငယ်တွေနဲ့ ဆရာဝန်တွေနဲ့ အဖွဲ့တွေထားပြီးလုပ်ဆောင်နေကြရတယ်လို့ ဆေးရုံတာဝန်ရှိသူတွေက ပြောပြကြပါတယ်။

 

အလုပ်သမားဆေးရုံဟာ ရိုးရိုးသာမာန် အထွေထွေရောဂါကု ဆေးရုံကအဖြစ်ကနေ Positive လူနာများထားရာနေရာအဖြစ် သတ်မှတ်လိုက်တဲ့အတွက် ဆေးရုံမှာတာဝန်ယူရတဲ့ သူနာပြုဆရာမတွေအတွက်လည်း စိန်ခေါ်မှု အကြီးစားတစ်ရပ်ကို စတင်ရင်ဆိုင်ခဲ့ရ ပြန်ပါတယ်။လူနာရှင်တွေနဲ့ ထိတွေ့ဆက်ဆံပြီး လိုအပ်တာတွေလုပ်ပေးရတဲ့ သူနာပြုဆရာမတွေဟာ များပြားလှစွာတဲ့ Positive လူနာရှင်တွေရဲ့ အိမ်တွေက ပို့ပေးတဲ့ပစ္စည်းတွေကို လူနာရှင်တွေ ရှိရာသို့ပို့ဆောင်ရာမှာ တစ်ချို့သော လူနာရှင်တွေရဲ့အထင်အမြင် လွဲမှားမှုတွေကို ခံခဲ့ရပါသေးတယ် ။

 

အလုပ်သမားဆေးရုံမှာ တာဝန်ထမ်းဆောင်နေတဲ့ သူနာပြုဆရာမ ဒေါ်တင်နုဆွေက ” ကျမ ဒီမှာစပြီးတာဝန်ထမ်းဆောင်ရတော့ လူနာရှင်တွေက အချိန်နဲ့ကန့်သတ်ပြီး ပစ္စည်းပို့ရတယ်။ အဲ့ဒီအချိန်မှာလူနာရှင်တစ်ယောက်ရဲ့ အိမ်က ဖုန်းဘေ ၅ ထောင်တန်တစ်ကဒ် နဲ့ အခြား လူနာတစ်ယောက်ရဲ့ စောင်ထုပ် မှားပေးမိတော့ နင်တို့ သေချာအလုပ်လုပ်ဆိုပြီး ပြောသွားတယ် အဲ့ဒါကတော့ ဖြေရှင်းလိုက်ရတဲ့ အမှတ်တရပါပဲ” လို့ ပြောပါတယ်။

 

Positive လူနာတွေကြားမှာ အလုပ်လုပ်နေရတဲ့ ဆေးရုံသူနာပြု ဆရာမ တွေ အနေနဲ့ တာဝန်ချိန်ပြီးလို့ ၇ ရက်တာ Q ဝင်ပြီး အိမ်ပြန်ရတဲ့အချိန်  မိသားစု နဲ့ဆွေမျိုး အပေါင်းအသင်းတွေကြားမှာအခက်အခဲနဲ့  စိန်ခေါ်မှုတွေရှိနေကြပြန်ပါတယ်။

ဆေးရုံဝန်ထမ်းနဲ့ မလောက်လို့ ပရဟိတမင်းခေါင်လို လူမှုရေးအဖွဲ့တွေနဲ့ လူမှုရေးအသင်းတွေက ဗော်လန်တီယာတွေနဲ့ လူနာတွေအဆင်ပြေစေရေး စီစဉ်လုပ်ဆောင်နေကြရပါတယ်။ စေတနာဝန်ထမ်း SMC-19 က အဖွဲ့ဝင်တွေကို ဦးဆောင်နေသူတစ်ယောက်ဖြစ်တဲ့ ကိုထက်ဝေစိုး(ခ)ကိုအေးချမ်းက

“ နေ့စဉ်နဲ့ အမျှ PPE ဝတ်စုံရဲ့ဒါဏ် မန္တလေးရဲ့ဆောင်းတွင်းကာလ ဖြစ်တဲ့အတွက် လူနာဆောင်တွေထဲ က ထွက်လို့ PPE ချွတ်ပြီး ရေချိုးရတဲ့ဒါဏ်နဲ့ အိမ်ကို သတိရနေတဲ့ကြတဲ့ဒါဏ်ခံရတယ်၊ ကျနော်ဆိုရင် အမေပဲရှိတာ အိမ်ကခဏဆိုပြီး ဦးသုံးကြိမ်ချကန်တော့ပြီးထွက်လာတာ အိမ်မပြန်ရတာ ၃ လကျော်သွားပြီ။  ကျနော်တို့တွေရဲ့ အဓိက အပင်ပန်းဆုံးအချိန်ကတော့ မနက်ခင်း အမှိုက်သိမ်းရတဲ့ အချိန်ပါပဲ ဘယ်လိုပင်ပန်းလဲဆိုတော့ ဒီ Covid ဖြစ်နေတဲ့ သူတွေရဲ့စွန့်ပစ်ပစ္စည်းတွေဆိုတော့ တော်ယုံတန်ယုံ မကိုင်ရဲကြဘူးလေ ဒီတော့ ကျနော်ကပဲဦးဆောင်ပြီး PPE လုံလုံခြုံခြုံဝတ်ပေး ဘာမှမဖြစ်ဘူး သတိထားပြီးကိုင်တွယ်ဖို့ အားပေးရင်း ကျနော့်ညီငယ်တွေကို သင်ပြပြီးလုပ်ဆောင်ခဲ့ရပါတယ်။ ပထမ လှိုင်း တုန်းကတော့ ဒီအလုပ်ကိုစပြီးလုပ်တော့ ကြောက်တဲ့စိတ်တွေရှိပါတယ်။ တဖြေးဖြေးနဲ့ ကျနော်တို့ လုပ်တာကြာလာတဲ့ အချိန်မှာ မိမိကိုယ်မိမိ ယုံကြည်မှုရလာ ပြီးတော့ အဲ့လိုစိတ်တွေပျောက်သွားပါတယ်” လို့ ပြောပါတယ်။

 

Covid 19 ကပ်ရောဂါကိုတွန်းလှန်နေကျတဲ့ ဗော်လန်တီယာတွေ ဆေးရုံဝန်ထမ်းတွေအပါအဝင် သူရဲကောင်းတွေဟာ မန္တလေးမြို့ရဲ့ ပထမလှိုင်း ဒုတိယလှိုင်း ဆိုတဲ့ အခြေနေတွေကို ရင်ဆိုင်ဖြတ်သန်းတွန်းလှန်ကြရင်း အခုအခါမှာခြေကုန်လက်ပန်းကျတဲ့ အချိန်ကို ရောက်ရှိနေကြပြီ ဖြစ်ပါတယ်။

အလုပ်သမားဆေးရုံ ရဲ့ ယာယီဆေးရုံအုပ်ကြီး ဒေါက်တာတင်ကိုကိုက လူနာတချို့ အယူအဆမှားနေတဲ့ ကိစ္စရပ်တွေနဲ့ ဖြစ်သင့်တဲ့အရာတွေကို ပြောြပတာက

“ Facebook တွေပေါ်မှာလဲ တက်တယ် P ဖြစ်တော့လည်း ဘာဖြစ်လဲ အဲကွန်းနဲ့နေရတယ် အချိန်မှန်အိပ် အချိန်မှန်စားရတယ် ဒါမျိုးလေးတွေရှိနေလို့ ပေါ့ဆနေတာမျိုးလေးတွေတွေ့နေရပါတယ်။ ဒါတွေက Concept ကတော့ ကျတော့စိတ်အထင် မှားနေတယ်လို့ ထင်တယ် တကယ်ဖြစ်ရမှာက ကိုယ့်တာဝန်ကိုယ်ယူ ကို့ယ်စရိတ်နဲ့ကိုယ်ဆေးရုံတက် ဘာမှ ထောက်ပံပေးတာမျိုးမလုပ်ဘဲနဲ့ ကျတော်တို့က နေရာပေးမယ် Care ပေးမယ်ပေါ့ အဲ့ဒါမျိုးလေးတွေပေါ့ ဒါမှသာတာဝန်ကိုမျှယူ လိုက်တဲ့သဘောလဲ ဖြစ်သွားမယ်” လို့  ကျမ္မာရေးဝန်ထမ်းတွေအပြင် ပြည်သူကလည်း နိုင်တဲ့ဝန်ကို ကူထမ်းမှ အားလုံးအဆင်ပြေနိုင်မယ့် သူ့စိတ်ကူးကို ပြောပါတယ်။

 

ကိုဗစ် ဒုတိယလှိုင်းမှာဆိုရင် ကမ္ဘာ့နိုင်ငံအသီးသီးမှာ သေဆုံးသူဦးရေနဲ့ ရောဂါပိုးတွေ့ရှိသူဦးရေတွေ တစ်စတစ်စ မြင့်တက်လာခဲ့ပြီးတော့ မြန်မာနိုင်ငံမှာဆိုရင်လည်း နည်းလမ်းမျိုးစုံ၊ အမိန့်မျိုးစုံနဲ့ ထိန်းချုပ်လာခဲ့ပေမယ့်  မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ယှဉ်ကြည့်မယ်ဆိုရင် တစ်သိန်း၂သောင်းကျော်ပိုးကူးခံရပြီး သေဆုံးသူ နှစ်ထောင့်ငါးရာကျော်ဆိုတဲ့ ပမာဏက အတော်များတဲ့ အနေအထားပါ။

အနောက်နိုင်ငံတစ်ချို့မှာဆိုရင် ကိုဗစ်တတိယလှိုင်းတောင် ဝင်ရောက်လာပြီလို့ WHO ရဲ့ သုံးသပ်ချက်တွေအရ သိရပါတယ်။ မြန်မာနိုင်ငံမှာ ကျမ္မာရေးဝန်ထမ်းတွေနဲ့ စေတနာ့ဝန်ထမ်းတွေဟာ အထောက်အကူပစ္စည်းမပြည့်မစုံနဲ့ အသက်အန္တရယ်နဲ့နီးတဲ့အလုပ်တွေကို ရှေ့တန်းက စွန့်စားတွန်းလှန်နေရလို့  ခြေကုန်လက်ပမ်းကျနေကြပြီဖြစ်ပါတယ်။ ဒီလိုအခြေအနေမျိုးတွေမှာ ပြည်သူတွေအနေနဲ့ စည်းမဲ့ကမ်းမဲ့မနေကြဘဲ ကျမ္မာရေးဝန်ကြီးဌာနက လမ်းညွန်ထားတဲ့ အချက်တွေဖြစ်ထဲက မာစ်ခ်တပ်ဖို့၊ လက်ဆေးဖို့၊ လူစုလူဝေးရှောင်ရှားဖို့ စတဲ့အချက်လောက်ကို လိုက်နာရင် ကျမ္မာရေးဝန်ထမ်းတွေကို အကူညီပေးရာရောက်ပါတယ်ဆိုတာ တင်ပြရင်း Positive လူနာ တွေကြားထဲ အခက်အခဲ စိန်ခေါ်မှုမျိုးစုံကို ကျားကန်တွန်းလှန်ပေးနေတဲ့ အလုပ်သမားဆေးရုံက ဝန်ထမ်းတွေနဲ့ စေတနာ့ဝန်ထမ်းတွေကို အလေးအနက်ဦးညွှတ်ရင်း တင်ပြလိုက်ရပါတယ်။

 

 

 

 

Related posts

Leave a Comment

VOM News

FREE
VIEW