ကိုဗစ်စစ်ဆေးရေးဂိတ် တာဝန်ကျသူတွေကို ဆဲဆိုထိုးကြိတ်သူတွေအား ရာဇသတ်ကြီးပုဒ်မအပြင် သဘာဝဘေးဥပဒေနဲ့ပါအရေးယူမယ်

 

ဒီဇင်ဘာ၂၅-၂၀၂၀
ကောင်းလက်ျာ(VOM)

ပဲခူးတိုင်း၊ တောင်ငူမြို့နယ် အမြန်လမ်းထိပ် Covid-19စစ်ဆေး‌ရေးဂိတ်မှာ မနေ့ ဒီဇင်ဘာ၂၄ ရက်ည ၉ နာရီခန့်က တာဝန်ကျပရဟိတအဖွဲ့ဝင်တစ်ဦးကို ထိုးကြိတ်ရန်ပြုခဲ့ကြသူတွေအား ရာဇသတ်ကြီးဥပဒေပုဒ်တွေသာမက သဘာဝဘေးစီမံအက်ဥပဒေနဲ့အရေးယူ ဆောင်ရွက်သွားမယ်လို့ တောင်ငူမြို့ နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း က ပြောပါတယ်။

” လက်တလော ထိုးကြိတ်ရိုက်နှက်တဲ့ဥပဒေပုဒ်မတွေနဲ့ အမှုဖွင့်ထားတယ်။ သဘာဝဘေးစီမံအက်နဲ့ အမှုဖွင့်ဖို့လည်း ဝန်ကြီးချုပ်ဆီ တင်ပြထားတယ်။ ကျလာတာနဲ့အမှုဖွင့်မယ်”လို့ ဦးထွန်းထွန်းဝင်းကပြောပါတယ်။

အခင်းဖြစ်ညပိုင်းက အမြန်လမ်းထိပ် Covid-19 စစ်ဆေးရေးဂိတ်မှာ
ညဂျူတီတာဝန်ကျတဲ့ ပရဟိတအဖွဲ့တစ်ခုမှ အမျိုးသားတစ်ဦးနဲ့ကျန်တဲ့အမျိုးသားတစ်ဦးတို့ တာဝန်ထမ်းဆောင်နေချိန် အမြန်လမ်း‌ပေါ်က ဆင်းလာတဲ့ Mark II အမျိုးအစားယာဉ်ကို ရပ်တန့်စစ်ဆေးရာ ယာဉ် မောင်းနင်သူ‌ ‌အောင်ကိုလတ်(ခ)မင်စာနဲ့ စကား‌ပြောဆိုမှု အဆင်မပြေဖြစ်ပြီး ပြန်လှည့်ထွက်သွားတာဖြစ်ပါတယ်။

ပြန်ထွက်သွားပြီး သိပ်မကြာခင် အခြားအမျိုးသား နှစ်ဦးနဲ့ပြန်‌ရောက်
လာပြီး ‌ဝိုင်းဝန်းဆဲဆို ထိုးကြိတ်ရိုက်နှက်ခဲ့တာဖြစ်တယ်လို့ ပရဟိတအဖွဲ့ခေါင်ဆောင် ဦးအောင်အောင်ကပြောပါတယ်။

” ကောင်လေးက ကောင်းကောင်းမ‌ွန်မွန်ပဲ ပြောနေတာပါ။ ဒါကို အဖော်တွေနဲ့အတူပြန်လာပြီး ထိုးကြိတ်ရိုက်နှက်သလို လက်ထဲဓားပါ ပါလာတယ်။ တာဝန်ကျကလေးတွေကို တားထားတော့ ဘာမှပြန်မခုခံကြဘူး”လို့ ဦးအောင်အောင်ကပြောပါတယ်။

တောင်ငူမြို့နယ်အတွင်း ကိုဗစ်ကာလ တာဝန်ထမ်းဆောင်နေရတဲ့ ပရဟိတအဖွဲ့တွေဟာ မကြာခဏ ဆဲဆိုစောင်း‌မြောင်းပြောဆိုခြင်း ရန်စခံရခြင်းများနဲ့ ကြုံရလေ့ရှိတာကြောင့် ထိထိရောက်ရောက် အရေးယူဆောင်ရွက်စေလိုတယ်လို့ ပရဟိတအဖွဲ့ဝင်အချို့က သုံးသပ်ပြော
ဆိုပါတယ်။

အမှုနဲ့ပတ်သက်ပြီး အောင်ကိုလတ်(ခ)မင်စာအပါအဝင် အမျိုးသား
၃ ဦးကို တောင်ငူမြို့အမှတ်-၂ နယ်မြေရဲစခန်းမှာ (ပ)၅၂၁/၂၀၂၀၊ ရာဇသတ်ကြီးဥပ‌ဒေပုဒ်မ-၂၉၄/၅၀၆/၃၂၃/၁၁၄ တို့နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။

Photo – KHMW
#voiceofmyanmar #VOM #တောင်ငူ #စစ်ဆေးရေးဂိတ် #ဆဲဆိုထိုးကြိတ်သူကို #အမှုဖွင့်ထား

Related posts

Leave a Comment

VOM News

FREE
VIEW