ရှမ်းကုန်းကျေးရွာကို အမည်မသိ လူတစ်စုက မီးဝင်ရှို့

ဒီဇင်ဘာ ၂၉-၂၀၂၀
ကိုတိုးကြီး၊ ထက်အောင်စိုင်း (VOM)

ချင်းလူမျိုးတွေ အများစု နေထိုင်ရာ ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ အမ်းမြို့နယ်၊ ရှမ်းကုန်းကျေးရွာမှာ ဒီကနေ့ မနက်အစောပိုင်းက အမည်မသိလူတစ်စု ရွာထဲကိုဝင်လာပြီး လူနေအိမ်တွေကို မီးရှို့သွားတယ်လို့ သိရပါတယ်။

‌” မနက်က ၁ နာရီ မထိုးခင် အချိန်လောက်ဖြစ်မယ်၊ ပရဟိတရုံးနဲ့ လူနေအိမ် ၆ လုံး မီးလောင်ပျက်စီးတယ်၊ အခြား လူနဲ့ တိရစ္ဆာန် သေဆုံးဒဏ်ရာရတာတော့ မရှိဘူး၊ မီးစတင်လောင်ရတဲ့ အခြေအနေက ရှို့မီးဖြစ်တာပါ၊ ကောက်သိမ်းရင် ဆက်ကြေးအခွန် ပေးရမယ်၊ တာဝန်မကျေရင် မီးရှို့မယ်။ အဲ့ဒါမှ မဟုတ်ရင် ကျွဲ၊ နွားတွေယူမယ်လို့ ရွာကို ပြောခံထားရတာတွေရှိတယ်။ ဘယ်အဖွဲ့ကလည်းဆိုတာ ‌အဖွဲ့အစည်း အမည်ကို မပြောရဲဘူး “လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရှမ်းကုန်းရွာခံတစ်ဦးက ပြောပါတယ်။

အမည်မသိ လူတစ်စုရဲ့ မီးရှို့ခဲ့တာကြောင့် မီးဘေးသင့်ခဲ့ရတဲ့ ရှမ်းစုကျေးရွာဟာ အမ်းမြို့နဲ့ မိုင် ၄၀ နီးပါး ဝေးကွာလျက်ရှိပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့နေရာတစ်ခုဖြစ်တယ်လို့ သိရပါတယ်။

ရှမ်းကုန်းကျေးရွာ(တောင်ပေါ်ကုန်း) ကျေးရွာက ရပ်မိရပ်ဖတစ်ဦးဖြစ်သူ ဦးမောင်ပုကလည်း “ မီးလောင်မှုဖြစ်စဉ်ကတော့ မှန်ပါတယ်။ လူနေအိမ် (၆) လုံးနဲ့ ရွာပိုင်အဆောက်အဦးက တစ်လုံးပါသွားတယ်။ မီးလောင်တာကတော့ ဘယ်ကနေပြီး ဘယ်လိုလောင်ကျွမ်းသွားတယ်ဆိုတာမသိရဘူး။ မီးလောင်ကျွမ်းတဲ့အခါမှ လိုက်ပြီး ငြိမ်းသတ်ကြရတယ်” လို့ ပြောပါတယ်။

မီးလောင်ကျွမ်းသွားတဲ့ အိမ်ပိုင်ရှင်တွေကတော့ ရှမ်းကုန်းကျေးရွာက ဦးငမောင်၊ ဦးအောင်ရွှေ၊ ဦးတင်မောင်၊ ဦးဘတင်၊ ဦးချိန်နဲ့ ဦးပိုင် တို့အိမ်တို့ဖြစ်ပြီး မေတ္တာစမ်းရေခေါ် လောင်းတူ(ချင်း) စာပေနှင့် ယဉ်ကျေးမှုရုံးတို့မီးလောင်ကျွမ်းသွားတာဖြစ်ပါတယ်။

မီးစတင်လောင်ကျွမ်းတဲ့အချိန်က မနေ့ ဒီဇင်ဘာ ၂၈ရက် ည ၁၁ နာရီကနေ ဒီဇင်ဘာလ ၂၉ ရက်နေ့ မနက်အစောပိုင်း ၃ နာရီရောက်မှ မီးလုံးဝ ငြိမ်းသွားတာဖြစ်ပြီး ဆုံးရှုံးမှုတန်ဖိုး ခန့်မှန်း သိန်းပေါင်း (၂၆၀) တိတိ ဆုံးရှုံးသွားတယ်လို့ သိရပါတယ်။

‌” ရွာမှာက အိမ်ခြေ ၁၃၀ နီးပါးရှိတယ်၊ အခု မီးလောင်တာက အိမ် ၆ လုံး မိသားစု ၃၂ ယောက် မီးဘေးဒုက္ခရောက်တယ် “လို့ ဒေသခံ ရွာသား တစ်ယောက်က ပြောပါတယ်။

‌အဲ့ဒီ ရှမ်းကုန်းရွာ မီးလောင်မှုဖြစ်စဉ်နဲ့ ပတ်သက်လို့ အမ်းမြို့နယ် ရဲတပ်ဖွဲ့က ကနဦး သိရှိထားပြီးဖြစ်ပေမယ့် အချက်အလက် အသေးစိတ်ကိုတော့ စစ်ဆေးဆောင်ရွက်နေဆဲဖြစ်တယ်လို့ သိရပါတယ်။

‌ဒါ့အပြင် အဲ့ဒီ မီးလောင်မှုအခြေအနေကို သီးခြားအတည်ပြုချက်ရရှိဖို့ ရခိုင်ပြည်နယ်အစိုးအရအဖွဲ့ နယ်စပ်ရေးရာနဲ့ လုံခြုံရေးဝန်ကြီးကို ဖုန်းဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရရှိသေးပါဘူး။

Photo- Ko Myo Lwin Ann
#voiceofmyanmar #VOM #ကျောက်ဖြူ #ရှမ်းကုန်းရွာ #လူတစ်စုမီးဝင်ရှို့

Related posts

Leave a Comment

VOM News

FREE
VIEW